နွားထိုးကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

RFA Burmese
2024.10.17
နွားထိုးကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ လေ‌ကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နွားထိုးကြီးမြို့နယ် ရွာကြီးရွာရှိ နေအိမ်အချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရွာကြီးရွာကို အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ အသက် ခုနစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးတို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ တစ်မိသားစုတည်းကဖြစ်တယ်လို့ နွားထိုးကြီးမြို့မှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သေဆုံးတာရော၊ ထိခိုက်တာကရော မိသားစုတစ်စုတည်းပဲ။ အဖေဖြစ်သူကတော့ ဆုံးသွားတယ်။ မိခင်နဲ့ ကလေးကိုတော့ ဆေးကုသမှုပေးနေတယ်။ ကလေးက သူ့မျက်စိရှေ့မှာ အဖေဆုံးသွားတော့ အခုအထိ ကယောင်ကတမ်းတွေ ဖြစ်နေတယ်ပြောတယ်”

ထိခိုက်သေဆုံးသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းမှာပဲ မြင်းခြံမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင်း PDF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး RFA က သီခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် တာပယ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အောက်တိုဘာ ၁ ရက်ကနေ အောက်တိုဘာ ၁၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ သံဃာတော်တွေနဲ့ သီလရှင်တွေ အပါအဝင် အရပ်သား ၆၂ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။