မြန်မာစစ်ကောင်စီကို အာဆီယံက အကာအကွယ်မပေးဖို့ ဆန္ဒပြ

နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
2021.04.24
အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် လမ်းပေါ် ထွက်ဆန္ဒပြပွဲတွေ အရှိန်လျော့လာ နေချိန်မှာပဲ ဒီကနေ့မှာတော့ အာဆီယံ အစည်းအဝေးအတွက် ဂျာကာတာမှာ ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ အတူ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို တွေ့ခဲ့ရတာပါ။
 
ရန်ကုန်မြို့၊ လှည်းတန်းမှာဆိုရင်လည်း စစ်ခေါင်းဆောင် ပြန်မလာနိုင်အောင် ရည်ရွယ်တဲ့ လှုပ်ရှားမှုတစ်ခုကို ထူးထူးခြားခြား လုပ်ခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။
 
“ဒီနေ့  (ဗိုလ်ချုပ်မှူးကြီး)မင်းအောင်လှိုင်လည်း အာဆီယံအစည်းအဝေး တက်သွားတယ်ဆိုတော့ ကျနော် တို့က ခါတိုင်းထက်ကို သူ့ကို ပိုပြီးဆန့်ကျင် ချင်တာပေါ့နော်။ အဲဒါကြောင့် နည်းမျိုးစုံနဲ့ ကျနော်တို့ လှုပ်ရှားနေတာပေါ့။ ဆန့်ကျင်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ကို မလိုလားတာပေါ့နော်။ ဒါပေမဲ့ မတူတာ တစ်ခုကပေ့ါနော်။ သွားလမ်းပဲရှိပြီး ပြန်လမ်းမရှိအောင်လို့ ဒီနေ့သပိတ်တွေ လုပ်တယ်ပေါ့နော်။ သပိတ်လုပ်နေရာမှာ ရေအိုးခွဲ သပိတ်ကိုတော့ လှည်းတန်းလမ်းမ ပေါ်မှာတော့စလုပ်ခဲ့တယ်ပေါ့”
 
စစ်အာဏာသိမ်းမှု လှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲတွေက အရှိန်မြှင့် ဖြိုခွင်းလာနေတာကြောင့် ရန်ကုန်မြို့ အပါအဝင် နေရာတော်တော်များများမှာ အရင်လို လူအင်အား အလုံးအရင်းနဲ့ မလုပ်နိုင်ဘဲ ပျောက်ကျားစနစ်နဲ့ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။
 
ဆန္ဒပြတာတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေရှိနေတဲ့ ကြားကပဲ  “အလံမလိပ်တဲ့ အသံသပိတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရန်ကုန်မြို့မှာ ဒီမနက်က ဆန္ဒပြ လှုပ်ရှားခဲ့ကြတယ်လို့လည်း ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ်တွေက ပြောပါတယ်။
 
အာဆီယံအသင်းက မြန်မာ့အရေး အရေးပေါ်အစည်းအဝေး တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့လယ်မှာ ရန်ကုန်မြို့က နေရာအများအပြားမှာလည်း သံပုံးတီးခဲ့ ကြတယ်လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် သုံးလနီးပါးကြာ ဆန္ဒပြလှုပ်ရှားမှုတွေ ပေါ်ပေါက်နေသလို၊ အာဏာပိုင်တွေဘက်ကလည်း အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လုပ်နေတာပါ။
 
မန္တလေးမြို့မှာဆိုရင် ဒီနေ့ မနက်က စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းလို့ လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၅ နဲ့ ၆၄ ကြား၊ ၁၀၇ နဲ့ ၁၀၈ လမ်းကြားမှာ ဒီကနေ့မနက် ၁၀ နာရီ လောက်က စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူငယ် တစ်ယောက် ခေါင်းကိုကျည် ထိမှန်ခဲ့တယ် လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့သူ တစ်ယောက်က ပြောပါတယ်။
 
“ကောင်လေးက ပြေးလာတာကို နောက်ကနေပြီးတော့ လိုက်ပစ်တာဗျ။ ထိမှန်သွားတော့ လဲသွားတယ်။ လဲပြီးတော့ မလှုပ်နိုင်တော့ဘူး။ မလှုပ်နိုင်တာကို သူတို့မှာ ပါလာတဲ့ တုတ်တွေနဲ့ ထပ်ရိုက်သေးတယ်ဗျ။ ပြီးတော့ လမ်းမှာလာတဲ့ကားတွေ၊ လူတွေကိုလည်း ပြန်လှည့် ပြန်လှည့်လို့ပြောပါတယ်။ နောက်ပြီးတော့ သူ့ကို သူတို့မှာပါလာတဲ့ Hijet ကားပေါ် တင်သွားပါတယ်ဗျ။ ဒဏ်ရာကထွက်တဲ့ သွေးတွေကိုလည်း သူတို့ရေနဲ့ဆေး သွားပါတယ်”
 
ပစ်ခတ်ခံရသူရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
 
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်မှာလည်း ဒီနေ့မနက်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး အသက် ၂၀ ကျော်အရွယ် ကိုမင်းသန့်မောင်မောင်ဆိုတဲ့ အမျိုးသား တစ်ဦးဟာ ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
 
စစ်တပ်နဲ့ရဲက လိုက်လံဖြိုခွင်းတာကို လမ်းပေါ် တက်ကြည့်ရာကနေ ပစ်ခတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ လူမှုကူညီရေး အသင်းသားတစ်ယောက်က ပြောပါတယ်။
 
“ဆန္ဒပြနေတုန်းမှာ ဆန္ဒပြနေတဲ့နေရာက သင်္ကန်းမော်ရှေ့ရပ်ကွက် မဲရုံနားမှာပြတာ။ နောက်ကနေပြီး အရပ်ကားတစ်စီးနဲ့ သူတို့ပါလာတယ်။ သူတို့ပါလာတာကို သိတော့ အကုန်လုံးပြေးကြတာ။ ပြေးကြတဲ့ အခါမှာ ရွှေဂူကျောင်းထဲကို ကောင်လေးတစ်ယောက်က ဝင်ပြေးသွားတာ။ သူတို့မှာလည်း လုပ်သေနတ် ပါတယ် ပြောတယ်။ အဲဒီကလေးကို ဝင်ပြီးတော့ ဖမ်းတာပေါ့နော်။ ဖမ်းရင်းနဲ့ တခြားနေရာတွေပါ လမ်းပေါ်တွေကို သူတို့တက် ကြည့်တဲ့အခါမှာ ကျည်မှန်တဲ့ကလေးက ပစ်နေတဲ့ဘက်ကို ချောင်းကြည့် လိုက်တော့ အဲဒီချောင်းကြည့်နေတာကို ပစ်လိုက်တဲ့အခါမှာ ဗိုက်ထိမှန်သွားတာတဲ့”
 
ပစ်ခတ်မှုဖြစ်တာ နေရာအနီးတဝိုက်မှာပဲ လူ ငါးဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။
 
ပစ်ခတ်ဖြိုခွင်းမှုတွေ ကြားမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့ မန္တလေးမှာတော့ ဒီနေ့မှာ စစ်တပ်နဲ့ရဲတွေက လမ်းသွားလမ်းလာတွေကို တားဆီးပြီးတော့ ဆိုင်ကယ်တွေ၊ ဖုန်းတွေ ဖွင့်ပြီး စစ်ဆေးတာတွေလည်း ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
 
မြန်မာ့အရေး အာဆီယံအသင်းက ဖိအားပေးဖို့ တောင်းဆိုလှုပ်ရှားမှုတွေ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုတော့ ဒီကနေ့ ရန်ကုန်နဲ့ မန္တလေးအပြင်၊ တခြားနယ်မြို့ တော်တော်များများ မှာပါ ပေါ်ပေါက်ခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။