နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတချို့ရှိ

ဦးသစ်ဆင်း(ဝါရှင်တန် ဒီစီ)
2021.04.10
နိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတချို့ရှိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံဖို့ ပြင်ဆင်ထားတဲ့ ခံတပ်ကို ၂၀၂၁၊ ဧပြီ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

ရဲနဲ့ စစ်တပ်က အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေ မြန်မာနိုင်ငံအနှံ့ ဆက်လက် ဖြစ်ပွားနေပြီး၊ တချို့နေရာတွေမှာ အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း တမူးမြို့မှာ ဆိုရင်လည်း ရဲနဲ့စစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို ခုခံတိုက်ခိုက်ရာက အသေအပျောက်တွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို နှိမ်နင်းဖို့ ဒီနေ့ နေ့လယ်ပိုင်းက ရောက်လာကြတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံတိုက်ခိုက်ရာက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ဘက်ကလာတဲ့ စစ်ကား မြို့အဝင်နားမှာ တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ အခင်းဖြစ်ရာ နေရာအနီးကို သွားရောက်ခဲ့တဲ့ အရပ်သားတစ်ဦး ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တမူးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သေချာတာကတော့ ရဲတစ်ယောက်ရယ်၊ ပြည်သူတစ်ယောက် ကျသွားတယ်။ ပြည်သူတစ်ယောက် သေတာကတော့ ကျွန်တော်တို့လူခြုံရေးတွေက စစ်ဖြစ်နေတဲ့ဘက်ကို ကျည်ဆံတွေပစ်နေတဲ့ဘက်ကို မသွားခိုင်းတာကို သူက ဇွတ်သွားတာဗျာ။ အခြေအနေမကောင်းလို့ တားတာကို သူကလက်မခံဘဲ အရေးကြီးတယ်ဆိုပြီးတော့ သွားလိုက်တာ အဲဒီတစ်ယောက်က သွားနေရင်းနဲ့ပဲ စစ်သားတွေပစ်လိုက်လို့ ခေါင်းထိပြီးတော့ အဲဒီမှာပဲ ပွဲချင်းပြီး တစ်ယောက်သေသွားတယ်။ ပြည်သူဘက်က တစ်ယောက်တော့ သေသွားတယ်ဗျာ”

ဒီနေ့ ညနေပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ပေါက်ကွဲသံတွေ ကြားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့တွေမှာ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွင်းနေတာကို ဒေသခံတချို့က ရိုးရာလက်လုပ်သေနတ်တွေ၊ အိမ်တွင်းဖြစ် လက်နက်တွေနဲ့ ခုခံတိုက်ခိုက်နေတာပါ။

ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ မန္တလေးမြို့မှာလည်း အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိခဲ့ပြီး ဖမ်းဆီးခံရသူ တချို့ ရှိခဲ့ကြောင်းလည်း ဆန္ဒပြသူတွေကပြောပါတယ်။

“သူတို့တွေ အရပ်ဝတ်တွေနဲ့ လာနေပြီတဲ့ လူစုခွဲကြလို့ ပြောတယ်လေ။ ကိုတေဇာဆန်းကို သူတို့က ဆိုင်ကယ်နဲ့ အန္တရာယ်ကင်းတဲ့နေရာကို ပို့လိုက်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကြည့်လိုက်တော့ ဆိုင်ကယ်နဲ့ လာတယ်ပြောတော့ ကျွန်တော်တို့ ပြေးကြတယ်ဗျာ။ အိမ်တွေကို ဝင်လို့ပြေးတဲ့အချိန်မှာ အသံဗုံးလား ဗုံးဗုံးဆွဲပြီး ကွဲတာ နှစ်ချက်လောက်တော့ ကျွန်တော်တို့ကြားလိုက်ရတယ်။ ဖမ်းဆီးခံရတာ တော့ ၁၅ ယောက်လောက်ပါ သွားတယ်ကြား တယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာထားတဲ့ ကောင်းတဲ့ ဆိုင်ကယ်တွေလည်း ပါသွားတယ်လို့ ကြားတယ်။”

မန္တလေးမြို့မှာ ဒီနေ့ မြတောင်သပိတ်စစ်ကြောင်းနဲ့ တက္ကသိုလ်ကျောင်းသားတွေပါ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ၇၇ လမ်းနဲ့ ၃၄ ထောင့်က ဧရာဝတီဘဏ်အနီးမှာ ဒီကနေ့ နေ့လယ်လောက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်၊ မြိတ်၊ ကျောက်ပန်းတောင်းနဲ့ အခြားနယ်မြို့တွေမှာလည်း ဒီကနေ့ Red Movement လို့ခေါ်တဲ့ အနီရောင်လှုပ်ရှားတွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်သူတွေ က ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ ရန်ကုန်အခြေစိုက် တက္ကသိုလ် ကျောင်သားသမဂ္ဂတွေက အနီရောင်လှုပ်ရှားမှု လုပ်ခဲ့ကြကြောင်း ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ မရွှေသိင်္ဂီက ပြောပါတယ်။

“အဓိက အနီရောင်လှုပ်ရှားမှုကတော့ စစ်အာဏာရှင်စနစ် ကျရှုံးရေးပေါ့။ နောက်တစ်ခုကတော့ စစ်အာဏာရှင်က ပြည်သူပြည်သားတွေကို လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ အဓိပ္ပာယ်နဲ့ တော်လှန်ရေး အရောင်ဖြစ်တဲ့ အနီရောင်နဲ့ လုံးဝအုပ်ချုပ်ခွင့်မရစေရဆိုတဲ့ ဟာမျိုးကို ရန်ကုန်မြို့ထဲက နေရာအနှံအပြား မှာ လိုက်လံဆော်သြတာမျိုးတွေ နောက်တစ်ခုက လက်ကမ်းစာရွက်တွေ ဝေပေးတာမျိုးတွေ ဒါမျိုးတွေကို အဓိကထားပြီးတော့ လုပ်တာပါ။”

ဒီကနေ့မှာ နေအိမ်တွေ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အသီးသီးက လမ်းသွယ်၊ လမ်းမတွေ၊ ဓာတ်တိုင်၊ နံရံ၊ ကားမှတ်တိုင်တွေ အားလုံးကို ဆေးနီတွေသုံးပြီး အနီရောင်လှုပ်ရှားမှုလုပ်ဖို့လည်း ဆန္ဒပြလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

မနေ့ ဧပြီ ၉ ရက်က ရဲနဲ့ စစ်တပ်ရဲ့ အပြင်းအထန်နှိမ်နင်းမှု ကြုံခဲ့ရပြီး လူအများအပြား သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားတဲ့ ပဲခူးမြို့မှာတော့ သေဆုံးသူတွေထဲက အလောင်းတစ်လောင်းသာ သင်္ဂြိုဟ်ခွင့်ရခဲ့တယ် လို့လည်း မြို့ခံတချို့က ပြောပါတယ်။

ပုဏ္ဏားစုရပ်ကွက်ထဲက ဘုန်းကြီးကျောင်းတစ်ခုမှာ အလောင်းတွေ စုပုံထားတာဖြစ်ပြီး ပြန်ထုတ်မရသေးဘူးလို့ ပဲခူးမြို့ခံတစ်ယောက်က ပြောပါတယ်။

“မနေ့က ဆွဲလို့ရတဲ့အလောင်း တစ်လောင်းလောက်ပဲ ကောင်းကောင်းသင်္ဂြိုဟ်လိုက်ရတယ်။ ကျန်တာတွေ ကတော့ ထုတ်လို့မရသေးဘူးလို့ပြောပါတယ်။ သူတို့ကမပေးဘူးလို့ ပြောတယ်။ မနေ့က ဘုန်းကြီးတွေကို အကူအညီယူပြီး သွားတောင်းတာတောင်မှ မပေးဘူးလို့ ပြောတယ်။ ပထမ ဘန်ကာနောက်မှာ ကောင်လေးတွေ ၃၂ ယောက်လောက်တော့ ခန့်မှန်းရတယ်။ အဲဒီ ၃၂ ယောက်လုံးရဲ့သတင်းက ပျောက်နေတယ်။”

မနေ့က လူအများအပြား သေဆုံးမှုတွေရှိခဲ့ပေမယ့် ပဲခူးမြို့ အနောက်ဘက်ခြမ်းမှာတော့ အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းနဲ့ ဒီနေ့မနက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ အကြမ်းဖက်ဖြိုခွဲခံရတာတွေရှိခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဒီနေ့ဆန္ဒပြကြ ပါတယ်။

မနေ့ကဆန္ဒပြပွဲမှာတော့ မြန်မာ့အရေး ဖိအားပေးဖို့ ပျက်ကွက်နေတယ်လို့ ဆန္ဒပြသူတွေက ယုံကြည်ထားကြ တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေရဲ့ အလံတွေကို မီးရှို့ခဲ့ကြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ကလေးမြို့ မန္တလေးတိုင်း ပုဂံ၊ ညောင်ဦးဘက်တွေအပြင် မြို့နယ် အတော်များများ မှာလည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်ကောင်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆၅ဝ ကျော် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။