နိုင်ငံဟာ သာမန်အခြေအနေမှာ ရှိမနေသေးကြောင်း ကာလုံအစည်းအဝေးမှာ ဆွေးနွေး
2023.01.31

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်သွားပြီမို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး (၁/၂၀၂၃) ကို နေပြည်တော်က စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌက နှစ်နှစ်အတွင်းကြုံတွေ့ရတဲ့ အခက်အခဲ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ နှောက်ယှက်ဖျက်ဆီးမှုတွေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက ဒီနေ့ထုတ်ပြန်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေအပါအဝင် တက်ရောက်လာသူအားလုံးကလည်း CRPH၊ NUG နဲ့ PDF တွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတော်ဟာ သာမန်မဟုတ်တဲ့ အခြေအနေမှာ ရှိနေကြောင်း ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် သာမန်မဟုတ်တဲ့ အခြေအနေဖြစ်တဲ့အတွက် လိုအပ်တဲ့ထုတ်ပြန် ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ သမ္မတ ဦးဝင်းမြင့် အဖမ်းခံထားရပြီး NLD ပါတီက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းလည်း ကာလုံအဖွဲ့မှာ မပါဝင်တော့ပါဘူး။
NLD ပါတီကပဲ ခန့်အပ်ထားတဲ့ စစ်တပ်အရာရှိဟောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ အစည်းအဝေးတွေ တက်ရောက်ခြင်းမရှိသလို ဒီနေ့မှာလည်း ကျန်းမာရေးအခြေအနေအရ ခွင့်တိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြထားပါတယ်။
လက်ရှိ ကာလုံမှာ စစ်တပ်အာဏာသိမ်းပြီးမှ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ပါဝင်ပါတယ်။
ဒီနေ့ အစည်းအဝေးကို အဲဒီရှစ်ဦးအပြင် အထူးဖိတ်ကြားထားသူတွေဖြစ်တဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့လည်း တက်ရောက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ ငါးနှစ်လုံးလုံး ကာလုံ အစည်းအဝေးကို တစ်ကြိမ်မှ ခေါ်ယူခဲ့ခြင်းမရှိပါဘူး။