နမ္မတူမြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်း ကန့်ကွက်စာပို့သူ လေးဦးကို ခေါ်ယူစစ်ဆေး
2021.01.26
ရှမ်းပြည်နယ် မြို့နယ် လေးခုက ဒေသခံတွေက နမ္မတူမြစ် (ခေါ်) မြစ်ငယ်မြစ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်း သုံးခုကို ရပ်တန့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ စာပေးပို့တာနဲ့ ပတ်သက်ပြီး ဦးဆောင်သူ သုံးယောက်ကို ဌာနဆိုင်ရာတချို့က သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၅ ရက် မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ခေါ်ယူစစ်ဆေးမေးမြန်းတဲ့ ဌာနဆိုင်ရာအဖွဲ့တွေထဲမှာ လူဝင်မှုကြီးကြပ်ရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ ဆည်မြောင်းဌာန အပါဝင် ရှစ်ယောက်လောက်ရှိပါတယ်။ ရေအားလျှပ်စစ်စီမံကိန်း သုံးခုကို ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ ဦးဆောင်သူ လေးယောက်ကို မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိ မေးမြန်းတာလို့ မေးမြန်းခံရတဲ့ စိုင်းသိန်းမြင့်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံကို အိတ်ဖွင့်ပေးစာပို့တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ကိုယ်ရေးအချက်လက်တွေ၊ ရေကာတာတွေရဲ့ အချက်လက်တွေ၊ အကျိုးအပြစ်တွေနဲ့ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို မေးမြန်း တာလို့ သူက ပြောပါတယ်။
အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားတဲ့အတိုင်း ရေကာတာတွေကို မလိုလားတာ၊ ရပ်ရွာရွှေ့ပြောင်းဖို့ သဘော မတူတာ၊ ဒေသတွင်းငြိမ်းချမ်းရေးကိုသာ လိုလားတာ စတဲ့အချက်တွေကိုသာ အဓိကဖြေခဲ့တယ်လို့ စိုင်းသိန်းမြင့် က ပြောပါတယ်။
အရင်ကလည်း နိုင်ငံတော်အကြီးအကဲတွေဆီ အိတ်ဖွင့်ပေးစာ လေးကြိမ်လောက် ပေးခဲ့ဖူးပေမဲ့ အခုလို ခေါ်ယူမေးမြန်းတာမျိုး တစ်ခါမှမရှိခဲ့ဘဲ အခုအကြိမ်က ပထမဆုံး ဖြစ်တဲ့အပြင် ဒီမေးမြန်းချက်တွေကိုလည်း ဌာနဆိုင်ရာအဆင့်ဆင့်တွေဆီ ရောက်သွားဖို့လည်း မျှော်လင့်နေကြပါတယ်။
နမ္မတူမြစ်ပေါ်က ရေကာတာစီမံကိန်းတွေကို ကန့်ကွက်ကြောင်း ရှမ်းပြည်နယ် သီပေါ၊ နမ္မတူ၊ ကျောက်မဲနဲ့ လားရှိုးမြို့က ဒေသခံ လက်မှတ် နှစ်ထောင်လောက်ပါတဲ့ အိတ်ဖွင့်ပေးစာကို ၂၀၂၀ အောက်တိုဘာ ၂၇ ရက်က ပေးပို့ခဲ့တာပါ။
နမ္မတူမြစ်ပေါ်မှာ မဂ္ဂဝပ် ၂၈၀ ကျော်ထွက်မယ့် အထက်ရဲရွာစီမံကိန်း၊ မဂ္ဂဝပ် ၇၀၀ ကျော် ထွက်မယ့် အလယ်ရဲရွာစီမံကိန်း၊ မဂ္ဂဝပ် ၂၁၀ ထွက်မယ့် နမ္မတူ(သီပေါ) ရေကာတာ စီမံကိန်းတွေ ဖြစ်ပါတယ်။