ကားလမ်းတွေ ဖျက်ဆီးခံရပြီးနောက် ကွတ်ခိုင်နဲ့နမ္မတူမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်
2024.06.14
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သန္နီနဲ့ နမ္မတူမြို့ကို သွားတဲ့ကားလမ်းတွေကို စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖျက်ဆီးဖြတ်တောက်လိုက်တဲ့နောက်မှာ ဇွန်လ ၁၄ ရက် ဒီနေ့ကစလို့ အခြေခံစားကုန်တွေနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားတဲ့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်မြို့တွေကိုသွားတဲ့ လားရှိုး-သိန္နီ လမ်းပိုင်းတချို့ကို ဇွန် ၁၃ ရက်နေ့မှာ မြေတူးစက်တွေအသုံးပြုပြီး နေရာ သုံးနေရာခန့် ဖျက်ဆီးဖြတ်တောက်လိုက်တာပါ။
TNLA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ သီပေါ-နမ္မတူ လမ်းပိုင်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းကျော်အထိ စျေးနှုန်းမြင့်တက်သွားပြီး ဒေသခံတွေ အလုအယက်ဝယ်နေကြတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“မနေ့က လမ်းစပိတ်လိုက်တော့ လူတွေကစိုးရိမ်ပြီး ဆန်၊ ဆီတွေ အလုအယက် ဝယ်နေကြတာ။ အရင် တစ်သိန်း နှစ်သောင်းလောက်ရှိတဲ့ ၈၈၁ ဆန်အိတ်က ဒီနေ့မနက်ပိုင်းမှာ တစ်သိန်းခုနစ်သောင်းလောက် ဖြစ်သွားတာ။ ညနေပိုင်းဆို ဈေးကတစ်မျိုး ဖြစ်မယ်ထင်တယ်။ အကုန်တက်တာ ဈေးက”
နမ္မတူမြို့နယ်အတွင်းမှာလည်း ဇွန်လ ၁၃ ရက်နေ့ကစပြီး စက်သုံးဆီအပါအဝင် စားသောက်ကုန်တွေ ဈေးနှုန်းတွေ မြင့်တက်သွားတယ်လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ္စည်းတွေ ထပ်မဝင်နိုင်တော့ဘူးဆိုပြီး ကလေးစားတဲ့ တစ်ရာတန်မုန့်က သုံးရာလောက် ဖြစ်သွားတာ။ ဓာတ်ဆီဈေးက ၃၆၀၀ ကနေ ၄၀၀၀ ဖြစ်သွားပြီ။ ဆန်၊ ဆီဈေးတွေလည်း အကုန်တက်တယ်။ စက်သုံးဆီကတော့ အကန့်အသတ်နဲ့ပဲ ရောင်းပေးတော့တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို TNLA၊ MNDAA နဲ့ AA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး အခုရက်ပိုင်းမှာတော့ ဒေသအတွင်း စစ်ရေးအခြေတွေ ပြန်လည်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။