တိုက်ပွဲပြင်းထန်နေတဲ့ နမ္မတူမြို့ထဲ ဒေသခံ ရာနဲ့ချီ ပိတ်မိနေ

RFA Burmese
2023.12.27
တိုက်ပွဲပြင်းထန်နေတဲ့ နမ္မတူမြို့ထဲ ဒေသခံ ရာနဲ့ချီ ပိတ်မိနေ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့၏ တစ်နေရာအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တို့ ဒီရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ရာနဲ့ချီ မြို့ထဲက ထွက်ခွင့်မရဘဲ ပိတ်မိနေပါတယ်။

ပိတ်မိနေသူတွေကိုကယ်ဖို့ အရပ်ဘက်အဖွဲ့တွေကကြိုးစားနေပေမဲ့ စစ်ကောင်စီနဲ့ TNLA တို့က နမ္မတူမြို့ထဲကို ဝင်၊ ထွက်သွားလာခွင့် မပေးဘဲ ပိတ်ထားတာပါ။

ဝင်ခွင့်ရတဲ့အချိန်မှာ ပိတ်မိနေသူတွေကို သွားကယ်နိုင်ဖို့ နမ္မတူမြို့နဲ့ ၁၄ မိုင်ခန့်ဝေးတဲ့ မံစံရွာမှာ အရပ်ဘက်အဖွဲ့တွေက ကားတွေနဲ့ အသင့်စောင့်ဆိုင်းနေတယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

"သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို ကြည့်ပေးဖို့ပြောချင်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေဆောင်ရွက်နိုင်အောင် သတ်မှတ်ချက်တစ်ခုလုပ်ပြီး လမ်းခေတ္တဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဥပမာ - အလံဘယ်လိုထောင်ရမယ်၊ မှန်အကုန်ချရမယ်ဆိုတာမျိုး၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ သွားလာခွင့်ပေးမယ်ဆိုတာမျိုးလုပ်ပေးစေချင်ပါတယ်။"

နမ္မတူကနေ မံစံဘက်သွားတဲ့လမ်းကို နမ္မတူမြို့အထွက်မှာ စစ်ကောင်စီတပ်က ပိတ်ထားတာဖြစ်ပြီး TNLA ကတော့ မံစံအထွက်နားမှာ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာလို့လည်း ပြောပါတယ်။

ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ပိတ်မိနေသူတွေကိုသွားကယ်ခွင့် တောင်းထားပေမဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညအထိ သွားရောက်ခွင့်မရသေးဘဲဖြစ်နေပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားလာခွင့်ပိတ်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ TNLA အဖွဲ့ရဲ့ ပြန်ကြားရေးရုံးကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

နမ္မတူမြို့မှာ ဒီဇင်ဘာ ၂၆ ရက်နေ့နဲ့ ၂၇ ရက်နေ့ နှစ်ရက်လုံး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်နေပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် မြို့ထဲမှာ ကျန်ရှိနေသူတွေဟာ အိမ်ထဲမှာမနေရဲဘဲ ဗုံးခိုကျင်းတွေထဲမှာပဲ ခိုလှုံနေရတယ်လို့ ပိတ်မိနေတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အခုထိ တစ်နေကုန် ပစ်နေတာ နားကိုမနားသေးဘူး၊ ဘယ်သူမှ အပြင်မထွက်ရဲဘူး၊ အဲဒါကြောင့် လမ်းပေါ်မှာ လူတောင် အသွားအလာလုံးဝ မရှိတော့ဘူး။ လေယာဉ်ကပစ်တဲ့ လက်နက်ကြီးကနေ အိမ်တွေ မီးလောင်တာလည်းရှိတယ်၊ အိမ်ပေါ်မှာကို မနေရဲဘူး၊ အဲဒါမို့ ဗုံးခိုကျင်းထဲမှာပဲ ဝင်နေရတယ်။ ဗုံးခိုကျင်းထဲ နေရတာက ပိုလုံခြုံတယ်လို့ ခံစားရလို့၊ တိုက်ပွဲတွေ အမြန်ဆုံးပြီးစေချင်ပါတယ်"

နမ္မတူမြို့မှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လည်ကနေ ၂၇ ရက်နေ့ မနက်ပိုင်းအထိ ဖျက်ခံခဲ့ရပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေကို တိုက်ခိုက်သိမ်းယူနေပါတယ်။ ဒီလိုမြို့သိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

TNLA က နမ့်ဆန်နဲ့ မန်တုံမြို့တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး အဲဒီမြို့တွေနဲ့ နယ်မြေချင်းဆက်နေတဲ့ နမ္မတူမြို့ကို ရရှိနိုင်ရေး ဆက်လက် တိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။