ဘော်တွင်းသတ္တုလုပ်ငန်း ပြန်စဖို့ပြင်ဆင်နေဆဲဖြစ်ကြောင်း TNLA ပြော

RFA Burmese
2024.05.22
ဘော်တွင်းသတ္တုလုပ်ငန်း ပြန်စဖို့ပြင်ဆင်နေဆဲဖြစ်ကြောင်း TNLA ပြော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတွင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၁၀၂၇ စစ်ဆင်ရေးကြောင့် ရပ်တန့်သွားခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့နယ်ထဲက ဘော်တွင်းဒေသ သတ္တုတွင်းလုပ်ငန်းတွေ မေလ ၂၂ ရက်နေ့အထိ ပြန်မလည်ပတ်နိုင်သေးပေမဲ့ မကြာခင်မှာ ပြန်စနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကပြောပါတယ်။

လက်ရှိမှာ လုပ်ငန်းအတွင်းက စက်တွေလည်ပတ်နိုင်ရေး စမ်းသပ်နေတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက RFA ကို ပြောပါတယ်။

“ဘော်တွင်းလုပ်ငန်းတွေက လည်ပတ်နိုင်တဲ့အနေအထားတော့ မရောက်သေးပါဘူး။ စက်တွေပြန်ပြီး စမ်းကြည့်နေတဲ့ အနေအထားမျိုးပဲ ရှိသေးပါတယ်။ ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီးတော့လည်း စိစစ်နေတုန်းပါပဲ”

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ဒီဇင်ဘာလအထိ ဘော်တွင်းဒေသ သတ္တုတွင်းလုပ်ငန်းတွေကို ဝင်းမြင့်မိုရ်ကုမ္ပဏီက လုပ်ကိုင်ခဲ့တာပါ။ အဲဒီလုပ်ငန်းအတွက် ဝင်းမြင့်မိုရ်ကုမ္ပဏီအနေနဲ့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ ၁၅ နှစ်တာ လုပ်ကိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ TNLA က နမ္မတူမြို့ကိုသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဘော်တွင်းဒေသ သတ္တုတွင်းလုပ်ငန်းတွေအားလုံး ရပ်တန့်သွားခဲ့တာပါ။

ဒါပေမဲ့ ကုမ္ပဏီဘက်ကတော့ ဝန်ထမ်းတွေကို ပုံမှန်လစာပေးထားတယ်လို့ သတ္တုလုပ်ငန်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“အလုပ်ကတော့ မစနိုင်သေးဘူးပေါ့ဗျာ။ သူတို့ညှိနှိုင်းနေတုန်းလို့တော့ပြောတယ်။ ဘယ်လိုဆက်ဖြစ်မယ်တော့မသိဘူး။ အခု အရင်ကုမ္ပဏီကတော့ ကျွန်တော်တို့ကို လစာပေးထားတာပေ့ါ။ အလုပ်ပုံမှန် မလုပ်ရတော့ အရင်လို အပိုချိန်ဆင်းရတဲ့ ဝင်ငွေတော့ မရှိကြတော့ဘူးပေါ့ဗျာ”

ဒီရက်ပိုင်းမှာပဲ ဘော်တွင်းဒေသ စက်ရုံအတွင်းကို TNLA တပ်ဖွဲ့ဝင်တွေနဲ့အတူ ကိုးကန့်လုပ်ငန်းရှင်တချို့လည်း လာရောက်ကြည့်ရှုတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတ္တုတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီအပြောင်းအလဲဖြစ်ခဲ့ရင် မူလဝန်ထမ်းတွေ အလုပ်ဆက် ရ၊ မရအပေါ်မှာ စိုးရိမ်နေရတယ်လို့ ဘော်တွင်းလုပ်သားတွေက ပြောပါတယ်။

ဘော်တွင်းဒေသ သတ္တုလုပ်ငန်းကနေ ငွေ၊ ခဲ၊ သွပ် စတဲ့ သတ္တုတွေ အဓိကထွက်ရှိပြီး ဝင်းမြင့်မိုရ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရစဉ်ကတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းမှာ အလုပ်သမားပေါင်း ငါးရာဝန်းကျင် လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။