နမ္မတူမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး TNLA ထိန်းချုပ်
2023.12.28
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၂၄) တပ်ကို တအာင်း အမျိုးသားတပ်မတော် (TNLA) က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့ မနက်အစောပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ် ထားနိုင်ပြီလို့ နမ္မတူမြို့ခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ဒီနေ့မနက် ၄ နာရီ အထိ မြို့ကို လက်မလွှတ်ရရေး လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် မနက် ၆ နာရီလောက်မှာတော့ TNLA က သိမ်းယူနိုင် ခဲ့တာလို့ နမ္မတူမြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် လေးနာရီအထိ ဂျက်ဖိုက်တာနဲ့ လာပြီး ဗုံးကြဲနေတုန်းပဲဗျ။ အဲဒီနောက်ပိုင်း အသံတွေ မကြားရတော့ဘူး။ မနက် ခြောက်နာ ရီမှာ ခမရ (၃၂၄) ကို သိမ်းပြီးလို့ သတင်းထွက်လာတာ။ အခုတော့ ဘာအသံမှ မကြားရတော့ဘူး”
ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ လုံခြုံတဲ့နေရာမှာပဲနေကြဖို့ TNLA ဘက်က အသိပေးထားတယ်လို့ သူက ဆိုပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေတွေကို သိရှိတဲ့ TNLA တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း နမ္မတူမြို့ကို ထိန်းချုပ်နိုင်တာ မှန်ကန်ကြောင်း RFA ကို အတည်ပြု ပြောဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ TNLA နှစ်ဖက်လုံးက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှတော့ နမ္မတူမှာရှိတဲ့ လုပ်ခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်မံဆုတ်ခွာခဲ့ရတယ်လို့ ရေးသားဖော်ပြကြပါတယ်။
TNLA က နမ့်ဆန်နဲ့ မန်တုံမြို့တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက် ထားပြီး အဲဒီမြို့တွေနဲ့ နယ်မြေချင်းဆက်နေတဲ့ နမ္မတူမြို့ကို ထပ်မံတိုက်ခိုက် သိမ်းယူခဲ့တာပါ။
နမ္မတူက တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်မှုကြောင့် နေအိမ်တွေပျက်စီးတာအပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒေသခံ တစ်ထောင်ကျော်လည်း မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။
မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူမြို့အပါအဝင် ရှမ်းမြောက်ဒေသက မြို့ ဆယ်မြို့ကို သိမ်းပိုက်ထားပြီး ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ လောက်ကိုင်မြို့နယ်တွေမှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။