မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ အဖမ်းခံရ

2021.04.21
မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ အဖမ်းခံရ ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုမျိုးထက်နိုင်လင်း။
Photo: Myitkyina Gen-Z

ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ယာယီဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတဲ့ ကိုမျိုးထက်နိုင်လင်းကို ဧပြီလ ၂၁ ရက် ဒီနေ့မနက် (၆) နာရီလောက်မှာ စစ်တပ်နဲ့ရဲက နေအိမ်ကို အင်အားအလုံးရင်းနဲ့ ဝိုင်းပြီး အိပ်ခန်းထဲကနေ ဆွဲခေါ်ထုတ် ဖမ်းသွားခဲ့တယ်လို့ မြစ်ကြီးနားမြို့ ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြု ပြောပါတယ်။

"မနက်အစောကြီး အိပ်ခန်းထဲကနေ လာခေါ် ဖမ်းသွားတာပါ။ တောင်းဆိုချင်တာ (၂) ချက်က သူ့ကို ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ မလုပ်ဖို့နဲ့ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးတော့ သူ့မှာက အစာအိမ်ရောဂါလည်း ရှိပါတယ်"

အဖမ်းခံလိုက်ရတဲ့ ကိုမျိုးထက်နိုင်လင်းဟာ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ယာယီဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေတာ (၂) လ ရှိပြီဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ကိုမျိုးထက်နိုင်လင်း ဦးဆောင်တဲ့ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ မြစ်ကြီးနား Generation-Z အဖွဲ့ ၊ မြစ်ကြီးနားလူထုတို့ ပူးပေါင်းပြီး ပင်မသပိတ်စစ်ကြောင်းအဖြစ် စစ်ကောင်စီ အလိုမရှိကြောင်း နေ့စဉ် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဒီနေ့ စစ်ကောင်စီက ဖမ်းဆီးတာခံလိုက်ရတဲ့ ကိုမျိုးထက်နိုင်လင်းဟာ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေထဲမှာ ပထမဆုံး အဖမ်းခံရသူဖြစ်ပြီး လက်ရှိမှာ ကိုမျိုးထက်နိုင်လင်းကို စစ်ကောင်စီရဲ့စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။