မြစ်ကြီးနားမှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲ၊ နှစ်ဦးသေဆုံး
မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှာ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေကို စစ်သားနဲ့ ရဲတွေက ကျည်ဆံသေနတ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဆန္ဒပြသူ လေးဦး သေနတ်ထိမှန်ခဲ့ ပါတယ်။
အဲဒီထဲက နှစ်ယောက်က ဦးခေါင်းထိမှန်ခဲ့ရာ တစ်ယောက်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ယောက်က ဆေးရုံရောက်တဲ့အချိန် သေဆုံးသွားတယ်လို့ သိရပါတယ်။ ကျန် နှစ်ယောက်ထဲက တစ်ယောက်က ပေါင်မှာထိမှန်ခဲ့ပြီး တစ်ယောက်က လက်မှာ ထိမှန်ခဲ့ပါတယ်။
လက်ရှိသူတို့ကို ဆေးရုံကို ခေါ်သွားပြီဖြစ်ပါတယ်။ ရာဘာကျည်ထိလို့ ဒဏ်ရာရရှိသူတွေရှိသလို ဆန္ဒပြသူ ၅၀ ဦးထက်မနည်းလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဆန္ဒပြတဲ့နေရာတိုင်းမှာ စစ်သားနဲ့ ရဲတွေက လိုက်လံဖြိုခွင်းခဲ့တာပါ။ ဆိုင်ကယ်နဲ့ ဆန္ဒပြသူတွေကိုလည်း လိုက်လံဖြိုခွင်းခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်နေ့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အမျိုးသမီးထုသပိတ်စစ်ကြောင်းလည်း ထွက်ခဲ့ကြပါတယ်။