မြင်းခြံမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ ထိခိုက်မှုတွေရှိ

2021.04.19
မြင်းခြံမှာ ပစ်ခတ်ဖြိုခွင်းခံရလို့ ထိခိုက်မှုတွေရှိ မြင်းခြံမြို့မှာ ၂၀၂၁၊ ဧပြီ ၁၉ ရက်နေ့က မီးလောင်ပျက်စီးနေတဲ့ နေအိမ်နဲ့ ဆိုင်ကယ်တွေကို တွေ့ရစဉ်
Photo: Citizen Journalist

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် (၃)၊ အမှတ် (၄)၊ အေးကျင်းရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ မြို့ခံတွေရဲ့ ခံတပ်ကို ဧပြီ ၁၉ ရက်၊ နေ့လယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းခဲ့ပြီး နေအိမ် တစ်လုံးနဲ့ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ည ၈ နာရီလောက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေ ကာထားတဲ့ အတားအဆီးတွေကို စစ်တပ်နဲ့ ရဲက လာရောက်ရှင်းလင်းရာမှာ အပြန်အလှန်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအတားအဆီးတွေကို စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေက ဒီနေ့မနက် ၈ နာရီလောက်က ထပ်ပြီး ပြန်လည်တည်ဆောက်ရာမှာ စစ်တပ်နဲ့ရဲက ထပ်ပြီးပစ်ခတ်လို့ နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက် ဒဏ်ရာရသူ ၂ ဦးထဲက ၁ ဦးကိုသာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ကျန် ၁ ဦးနဲ့တော့ အဆက် အသွယ် မရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

“ဒီနေ့မနက်မှာ နှစ်ယောက် ထပ်ပြီးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ထဲက တစ်ယောက်ကို ကောက်နိုင်တယ်။ တစ်ယောက်ကို မကောက်နိုင်ဘူး။ အခုအခြေအနေကိုတော့ ဘယ်လိုမှအတည်ပြုလို့မရဘူး။ ဟိုကိုပဲ ဖမ်းခေါ် သွားသလား။ ဘယ်လိုလဲမသိဘူး။ အဲဒီသဲအိပ်စီနေတဲ့အနားကိုလာပြီး အဲဒီရပ်ကွက်မှာရှိတဲ့ လမ်းစုံလမ်းထောင့်တိုင်းမှာ နေရာယူထားတော့ အဲဒီရပ်ကွက်ကလူတွေ တစ်ယောက်မှ အိမ်ထဲက အိမ်ပြင်ကို မထွက်ရဲကြဘူး။ အခြေအနေက ဆိုးဆိုးဝါးဝါးပဲ။ အဲဒီအမှတ် ၆ ရပ်ကွက်ထဲဆိုရင် ခံတပ်ရှိလို့ တပ်စုလိုက်တဲ့ ပုံစံမျိုးဖြစ်နေပြီ။ အခုလေးတင် ဖုန်းဝင်လာတာက အိမ်တွေကိုဝင်ပြီးတော့ ရှာတယ်လို့ ကြားတယ်”

မနေ့ မနက် ၁၁ နာရီလောက်ကလည်း စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ၂၄ နာရီအတွင်း မြင်းခြံမြို့မှာ ပစ်ခတ်ခံရလို့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီထဲက မနေ့မနက် ၁၁ နာရီအချိန်ဖြစ်စဉ်အတွင် ဒဏ်ရာရသူတစ်ဦးကို မန္တလေးကိုအရေးပေါ် ပို့ဆောင် ထားရပြီး ကျန်တဲ့လူတွေကိုတော့ မြင်းခြံမြို့မှာပဲ လိုအပ်တဲ့ဆေးဝါးကုသမှုတွေ လုပ်ပေးနေရတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

မနေ့က နေအိမ်အချို့မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီတွေကိုလည်း စစ်တပ်နဲ့ ရဲက ဝင်ရောက်ဖျက်ဆီးသွားတယ် လို့ ဆိုပါတယ်။

မြင်းခြံမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြိုခွင်းပစ်ခတ်ခံရလို့ သေဆုံးသူ ၂၃ ဦး ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။