မြစ်ကြီးနားက ကျေးရွာချင်းဆက်လမ်း ဖျက်ဆီးခံရ
2024.06.18

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ဆင်ဘိုမြို့အထိ သွားလာနိုင်တဲ့ ကျေးရွာချင်းဆက်လမ်းကို ဇွန် ၁၇ ရက်နေ့မှာ စစ်ကောင်စီတပ်က စက်ယန္တရားသုံးပြီး ဖျက်ဆီးဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ရဲ့ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ အကြဲနဲ့ ဖရောရွာအကြားမှာ လမ်းကို ဖြတ်တောက်ဖျက်ဆီးလိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က မြေတူးစက်တွေနဲ့ အကုန်တူးလိုက်တာ။ ဒီညနေကနေစပြီး လမ်းပိတ်မယ်လို့ ပြောတယ်။ အခုစစ်သားတွေ ဝါးခုတ်နေတယ်၊ လမ်းပိတ်ဖို့။ အဲဒီလမ်းက ဆင်ဘိုဘက်ထိ သွားလို့ရတယ်။ အခုက တာလောကြီးဘက်နဲ့ ဝိုင်းမော်ဘက်ခြမ်းကိုလည်း ဝိုင်းမော် ခတ်ချိုဘက်က သွားလို့မရတော့ ဒီဘက်ကပဲ သွားနေရတာ”
ဒီလမ်းဟာ မြစ်ကြီးနားမြို့ပေါ်ကနေ အကြဲရွာ၊ အကြဲရွာကတစ်ဆင့် ဖရော၊ မလဲ၊ မလိစွတ်ယန်၊ တိုင်းလုံ၊ ရေကြည်၊ ဟိုကပ်၊ တာလောကြီးရွာတွေနဲ့ ဆင်ဘိုမြို့အထိ ဒေသခံတွေ အဓိကအားထားပြီး သွားလာရတဲ့လမ်းဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က လမ်းကို ဖြတ်တောက်လိုက်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
အခုဖြတ်တောက်ခံလိုက်ရတဲ့ ရွာတွေဘက်က တာလောကြီးရွာနဲ့ ဆင်ဘိုမြို့တို့ကိုတော့ KIA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ဇွန်လ ၁၂ ရက်နေ့ကစလို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က ကားလမ်းတွေ ဖျက်ဆီးပြီး လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး စစ်ရေးအခြေအနေ တင်းမာနေပါတယ်။