တနင်္သာရီက တိုက်ပွဲ ၁၉ ရက်အတွင်း စစ်ကောင်စီတပ်သား သုံးဆယ်ကျော်သေဆုံးခဲ့
2024.09.26

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ၁၉ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃ဝ ကျော် သေဆုံးခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တစ်ဦးသေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်ရှိစစ်ရေးတင်းမာနေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ကိုချမ်းက RFA ကို ပြောပါတယ်။
"သူတို့ဘက်က အင်အား ၃ဝဝ လောက်နဲ့ ကျွန်တော်တို့နယ်မြေထဲလာပြီး စစ်ကြောင်းထိုးတိုက်ခိုက်တာပါ၊ လက်ရှိစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲထပ်ဖြစ်မယ့် အခြေအနေရှိပါတယ်"
စက်တင်ဘာလ ၄ ရက်နေ့ကစပြီး တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၅၆၁ က ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်နေ့အထိ ၁၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ဝ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တစ်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ဘက်ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီတိုက်ပွဲတွေမှာ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) နဲ့အတူ စစ်ကြောင်း (၂)၊ KNLA တပ်ရင်း (၁၁)၊ KTLA၊ တောကြီးမြွေဟောက် မိုင်းအဖွဲ့ (ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ Dragon Squad ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့၊ ADF ဒရုန်းအဖွဲ့ စတဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတာနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ကျွဲထိန်းကုန်းရွာက အရပ်သားလေးဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် လေးလုံးပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဘန်လင်ရွာရှိ အရပ်သားတွေရဲ့ နေအိမ်သုံးလုံးကိုလည်းစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တယ်ဆိုတာနဲ့ အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။