ဒဂုံမြို့သစ် တောင်ပိုင်း အုပ်ချုပ်ရေးမှူးရုံးက စာရေးမတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

2021.06.29
ဒဂုံမြို့သစ် တောင်ပိုင်း အုပ်ချုပ်ရေးမှူးရုံးက စာရေးမတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ ဒေါ်မြတ်မြတ်ထွေး (ခ) ဒေါ်မြမြထွေး အသက် ၄၄ နှစ်ရဲ့ နာရေးအိမ်ကို ၂၀၂၁ ဇွန် ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်း ၇၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စာရေးမတစ်ဦးကို အမည်မသိလူ နှစ်ယောက်က ဇွန်လ ၂၈ ရက် မနေ့ညနေပိုင်းက သေနတ်နဲ့ အနီးကပ်ပစ်သတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၇၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စာရေးဝန်ထမ်း ဒေါ်မြတ်မြတ်ထွေး (ခ) ဒေါ်မြမြထွေး အသက် ၄၄ နှစ် ကို သူ့နေအိမ်မှာရှိနေစဉ် ဆိုင်ကယ်စီးလာတဲ့ အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ တောင်ဒဂုံမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ဒဂုံမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရုံးနဲ့ အိမ်က နီးနီးလေးပါ။ လူနှစ်ယောက်က ဆိုင်ကယ်အနီရောင်နဲ့ လာပစ်သွားတာ။ သူကအိမ်ရောက်လို့ အိမ်ရှေ့မှာ ဆိုင်ကယ်ဒေါက်ထောက်နေတုန်းပေါ့။ ညာဘက်ရင်အုံပွင့်သွားတယ်။ ဖြစ်ဖြစ်ခြင်း ဆေးရုံပို့ တယ်။ လမ်းမှာတင်သေသွားတာ။ သူ့ကို ရပ်ကွက်က စစ်တပ် သတင်းပေးလို့ သတ်မှတ်ထားတာ။ မတ်လ လောက်တုန်းက ရပ်ကွက်ထဲ ညသပိတ်တွေ လုပ်တာ၊ သူက စစ်တပ်ကို လှမ်းခေါ်တော့ ရပ်ကွက်ထဲ ပစ်ခံ ရတယ်။ အဲဒီတုန်းက ရပ်ကွက်ထဲက တစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ်။ ရပ်ကွက်ထဲ မှာလည်း စွာကျယ်စွာကျယ်လုပ်တော့ ရန်ငြိုးရှိချင်လည်း ရှိနိုင်တယ်"

အခင်းဖြစ်ပွားခဲ့ပြီးနောက် စစ်သားတွေ လာရောက်စစ်ဆေးရင်း အိမ်အပြင်ထွက် ကြည့်ခဲ့ကြတဲ့သူ လေး ယောက်ထက်မနည်းကိုလည်း ရိုက်နှက်ဖမ်းဆီးသွားပြီး ည ကိုးနာရီလောက်အထိ စစ်ဆေးခဲ့ကြတယ်လို့လည်း ရပ်ကွက်က ဒေသခံတွေက ပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ ဒေါ်မြမြထွေးဟာ ရုံးစာရေး လုပ်သက် ၁၅ နှစ်လောက်ရှိနေပြီလို့လည်း ဆိုပါတယ်။

မနေ့က ဇွန်လ ၂၈ ရက်နေ့ညပိုင်းကလည်း ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။