ပြည်ပအလုပ်ကိုင် သက်သေခံကတ် ပြန်ထုတ်ပေးမယ်လို့ စစ်ကောင်စီ ပြော

RFA Burmese
2025.03.11
ပြည်ပအလုပ်ကိုင် သက်သေခံကတ် ပြန်ထုတ်ပေးမယ်လို့ စစ်ကောင်စီ ပြော MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပြည်ပထွက် အလုပ်လုပ်မဲ့သူတွေအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card - OWIC) ကို လာမဲ့ မတ်လ ၂၀ ရက်နေ့စပြီး ပြန်ထုတ်ပေးမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနကို တင်ပြထားတဲ့ အလုပ်ခေါ်စာအရ အလုပ်လုပ်ကိုင်ခွင့် ရထားသူတွေနဲ့ သီးခြားအစီအစဉ်နဲ့ ကျွမ်းကျင်အဆင့် သွားရောက်အလုပ်လုပ်မဲ့သူတွေကို ထုတ်ပေးမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေအနေနဲ့ OWIC ထုတ်ယူပြီးမှာ ပြည်ပထွက်ခွာမဲ့ လေယာဉ်လက်မှတ်ဝယ်ယူကြဖို့လည်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ နှစ်နိုင်ငံသဘောတူညီမှု အလုပ်အကိုင်စာချုပ် (MoU) နဲ့ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ဖို့ OWIC ကတ် ထုတ်ပေးတာကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ရပ်ဆိုင်းခဲ့တာပါ။

အခုတစ်ခါ ပြန်ထုတ်ပေးမဲ့ OWIC ကတ်ဟာ စစ်မှုထမ်း အကျုံးဝင်တဲ့ အမျိုးသား (အသက် ၁၈ နှစ်ကနေ ၃၅) တွေအတွက် စစ်ကောင်စီဘက်က ဘယ်လိုပုံစံနဲ့ ခွင့်ပြုပေးမယ်ဆိုတာ မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်မှုထမ်းအကျုံးဝင် အမျိုးသားတွေအတွက် ဘယ်လိုပုံစံလာဦးမလဲဆိုတာ မသိရသေးပါဘူး။ အရင်အလုပ်ခေါ်စာတွေမှာလည်း စစ်မှုထမ်းအကျုံးဝင်သူတွေပါတော့ သူတို့ ခွင့်ပြုချက်ရမှ OWIC ကတ်ရမဲ့ အခြေအနေဖြစ်ပါတယ်”

စစ်ကောင်စီဟာ ပြည်ပမှာ အလုပ်လုပ်ခွင့်ကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ကန့်သတ်ထားပြီး အမျိုးသမီးနဲ့ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အမျိုးသား အလုပ်သမားတွေကို သွားခွင့်ပြုထားတာလို့ ဆိုပါတယ်။

အလုပ်အကိုင် နိုင်ငံကူးလက်မှတ် (Passport for Job) နဲ့ OWIC ရှိသူတွေအနေနဲ့ ပြည်ပထွက်ခွာမယ်ဆိုရင် နိုင်ငံကူးလက်မှတ်၊ OWIC၊ ခွင့်ပြန်အလုပ်သမားဖြစ်ရင် သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ်နဲ့ အလုပ်ရှင်ခွင့်ပြုစာ စတဲ့အထောက်အထားတွေနဲ့ တင်ပြလျှောက်ထားရမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာက ထုတ်ပြန်ပါတယ်။

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ခွင့် ရရှိသူတွေရဲ့ စာရင်းကို သက်ဆိုင်ရာ လေဆိပ်တွေထံ သတင်းအချက်အလက် ပေးပို့ထားမယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှာ အလုပ်သွားလုပ်မဲ့သူတွေကို တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်လာပြီး လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲဖို့အတွက်လည်း စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။