ထိုင်းရွှေ့ပြောင်းလုပ်သားဆိုင်ရာညွှန်ကြားချက်သစ်က စစ်ကောင်စီထိန်းချုပ်ခွင့်ပိုရစေနိုင်

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)၊ ကီယားနားဒန်ကန်
2025.03.01
ထိုင်းရွှေ့ပြောင်းလုပ်သားဆိုင်ရာညွှန်ကြားချက်သစ်က စစ်ကောင်စီထိန်းချုပ်ခွင့်ပိုရစေနိုင် ထိုင်းနိုင်ငံရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတစ်ဦးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့တွင် တွေ့ရစဉ်။
AFP

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စည်းမျဉ်းအသစ်အရ မြန်မာအလုပ်သမားတွေကို တရားဝင်အလုပ်ခန့်တဲ့အခါမှာ သတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေအတွက် ဘန်ကောက်မြို့က စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရဲ့ စစ်ဆေးခွင့်ပြုချက်လိုအပ်မယ်လို့ ထိုင်းအလုပ်ရှင်နဲ့ အလုပ်သမားရှာဖွေရေး ကုမ္ပဏီတွေကိုညွှန်ကြားထားတဲ့အကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်က RFA အင်္ဂလိပ်ပိုင်းသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးနေတဲ့ work permit တွေကိုလည်း ဖေဖော်ဝါရီလ ၁၃ ရက်နောက်ဆုံးထားပြီး သက်တမ်းတိုးဖို့ သတ်မှတ်ထားပါတယ်။

ဒီနေရာ မြန်မာသံရုံးရဲ့အခန်းကဏ္ဍထည့်သွင်းလိုက်တာကြောင့် စစ်မှုထမ်းဥပဒေနဲ့ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းကို စစ်ကောင်စီကပယ်ဖျက်နိုင်မှာ ဖြစ်သလို၊ ဒီအပေါ်မှာမူတည်ပြီး တရားမဝင်နေထိုင်တာတွေ ပိုများသွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့ (IOM) ရဲ့စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လအထိ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၂ ဒသမ ၃ သန်းရှိတာ တွေ့ရပါတယ်။ လက်ရှိကာလမှာလည်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကိုသွားနေတာ ရာပေါင်းများစွာရှိနေပါတယ်။

ဒါကြောင့် မြန်မာသံရုံးအနေနဲ့ တစ်ဦးချင်းခွင့်ပြုချက်ထုတ်ပေးဖို့ လွယ်မယ်မထင်ဘူးလို့ ထိုင်းနိုင်ငံကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ အမည်မဖော်လိုသူ မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

” အလုပ်တွေအကုန်လုံးက အလုပ်သမားတွေရဲ့ အချက်အလက်တွေအားလုံးကို မြန်မာသံရုံးကိုပေးပို့ပြီး သူတို့က လက်မှတ်ထိုးပြီးတော့မှပဲ work permit ရမယ့် သဘောဖြစ်နေတာပေါ့။ ကျွန်တော်တို့ ရုံးတွေမှာဆိုရင် ရုံးက HR (လူ့စွမ်းအားရင်းမြစ်ဌာန) ကပဲ work permit တွေကို မြန်မာသံရုံးကို အထပ်လိုက်ကြီး သွားပို့ရတာ။ တစ်ရုံးတည်းမှ မဟုတ်တာ။ ထိုင်းတစ်နိုင်ငံလုံးဆိုတော့ ဘယ်လောက်တောင် များလိုက်မလဲ စဉ်းစားကြည့်။ အဲဒါကို အကုန်လုံး လက်မှတ်ထိုးပေးဖို့ဆိုတာ ဘယ်လိုလုပ် လွယ်မှာလဲ”

မြန်မာနိုင်ငံသားတွေထဲမှာ စစ်မှုထမ်းဥပဒေကြောင့်ထွက်ပြေးလာတဲ့လူငယ်တွေ၊ စစ်ကောင်စီကို လက်မခံတဲ့သူတွေ၊ ဆန့်ကျင်တဲ့သူတွေအများစုဖြစ်တဲ့အတွက် ခွင့်ပြုချက်တောင်းခံရမယ့်စနစ်ထဲမှာ မပါဝင်ဘဲ နေလိုကြပါတယ်။ တစ်ဖက်မှာလည်း မြန်မာပြည်ထဲမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ထိခိုက်အောင်လုပ်မှာကိုလည်းစိုးရိမ်ကြတယ်လို့ Migrant Assistance Program ရဲ့ ညွှန်ကြားရေးမှူး ဘရာဟမ် ပရက်စ်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်အလုပ်လုပ်ခွင့်အတွက် ထိုင်းအစိုးရရဲ့ ညွှန်ကြားချက် ပြောင်းလဲသွားတာနဲ့ ပတ်သက်လို့ ထိုင်းအလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူး ဆွန်ချိုင် မိုရာကိုဆရီဝမ် ဆီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။


ဆက်နွှယ်သောသတင်းများ

ပန်းရောင်ကတ်လုပ်တဲ့အခါ အလိမ်မခံရဖို့ အလုပ်သမားအရေးလှုပ်ရှားသူတွေ အသိပေး

MOU သက်တမ်းတိုးဖို့ ပြည်တွင်းပြန်ရမှာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ စိုးရိမ်

ထိုင်းရောက် တရားဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ


လက်ရှိမှာတော့ အလုပ်လုပ်ခွင့်သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းအာဏာပိုင်တွေ ယာယီထုတ်ပေးထားတဲ့ အထောက်အထားနဲ့ ဆက်နေရတယ်လို့ RFA က ဆက်သွယ် စကားပြောခဲ့တဲ့ အမည်မဖော်လိုသူ မြန်မာနိုင်ငံသားကပြောပါတယ်။

“ပတ်စပို့တွေမှာဆိုရင်တုန်းက သက်တမ်းကုန်နေပြီ။ ဖေဖော်ဝါရီ ၁၃ မှာ အကုန်ကုန်တာလေ။ အခုဆို ဖေဖော်ဝါရီလကုန်တော့မှာဆိုတော့ အိုဗာစတေးတွေ ဖြစ်နေပြီ။ CI တွေလည်း အိုဗာစတေးဖြစ်နေပြီ။ ထိုင်းကဘာလုပ်ပေးလဲ ဆိုတော့ ဒီလူတွေ သက်တမ်းထိုးထားပါတယ်ဆိုတဲ့ စာတစ်ရွက် ထုတ်ပေးထားတာ ရှိတယ်။ အခုဆို သက်တမ်တိုးထားတဲ့ name list ရယ်၊ ဒီ လူက သက်တမ်းတိုးထားပါတယ်ဆိုတဲ့ စာရွက်ရယ်၊ ပတ်စပို့ရယ် သုံးခုကိုင်နေရတယ်”

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာဆိုရင် ကိုယ်ရေးအချက်အလက်တွေ စစ်ကောင်စီကိုမသိစေချင်တဲ့အတွက် တရားဝင်မှတ်ပုံတင်တင်ရမယ့် နောက်ဆုံးရက်အမှီ သွားမလုပ်တော့ဘဲနေကြတဲ့ မြန်မာအလုပ်သမား အယောက်သုံးထောင်လောက်အထိ ရှိမယ်လို့ ခန့်မှန်းရတဲ့အကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရောင်ခြည်ဦးအဖွဲ့က ပြောပါတယ်။

တရားဝင်မဖြစ်တဲ့ အလုပ်သမားတွေဟာ ဒဏ်ရာရတာ၊ နေထိုင်မကောင်းတာတွေဖြစ်ရင် လူမှုဖူလုံရေး ရန်ပုံငွေသုံးခွင့်မရှိတဲ့အကြောင်း၊ တရားဝင်စာရွက်စာတမ်းမရှိတဲ့အတွက် အခြားဒေသတွေကိုလည်း ခရီးသွားခွင့်မရှိတဲ့အကြောင်း၊ ဘဏ်စာရင်းဖွင့်တာနဲ့ ယာဉ်မောင်းလိုင်စင်လုပ်လို့မရတော့တဲ့အကြောင်း ရောင်ခြည်ဦးအဖွဲ့က ဦးမိုးကျော်က ပြောပါတယ်။

အဲဒီအပြင် တရားဝင် မဟုတ်တော့တဲ့ မြန်မာနိုင်ငံသားတွေဟာ ဖမ်းဆီးစစ်ဆေးခံရမှာစိုးရိမ်တဲ့အတွက် နေထိုင်မကောင်းတဲ့အခါဆေးရုံ၊ ဆေးခန်းတွေသွားပြီး မကုရဲကြတော့လို့ ငှက်ဖျား၊ တီဘီနဲ့ အခြား ကူးစက်နိုင်တဲ့ရောဂါတွေ တိုးလာနိုင်တယ်လို့ Migrant Assistance Program အဖွဲ့ကပြောပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Facebook/ Hazel.com Bangkok Services)
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသည့် CI Center တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo : Facebook/ Hazel.com Bangkok Services)

မြန်မာပြည်ဟာ စစ်တပ်အာဏာယူထားတဲ့နိုင်ငံဖြစ်နေလို့ အခုလို ထိုင်းရောက် မြန်မာနိုင်ငံသားတွေ အခုလို ဆက်ဆံခံနေရတာလို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ JACBA ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ကောင်းမွန်တော်တည့် မှန်ကန်တဲ့ သဘောထားမျိုး၊ ကူညီဆောင်ရွက်မယ့် သဘောထားမျိုး မကြေညာဘဲ သံရုံးက ထောက်ခံစာပါမှ မင်းတို့ စာရွက်စာတမ်းတွေ အသစ်လုပ်တာတွေ၊ သက်တမ်း တိုးတာတွေ လုပ်လို့ရမယ်ဆိုတာ အကြောကြီးနဲ့ ဆက်ဆံရာရောက်တယ်။ ဘယ်နိုင်ငံရဲ့ အစိုးရမှ အခွန်ထမ်းပြည်သူတွေကို အကြောကြီးနဲ့ အနိုင်ကျင့်ပြီး ဆက်ဆံတာမျိုး မရှိဘူး။ ဒါက စစ်အစိုးရ ဖြစ်လို့လို့ သုံးသပ်လို့ရတယ်”

အခုလို မြန်မာနိုင်ငံသားတွေအတွက် မူဝါဒပြောင်းလဲလိုက်တာဟာ စစ်ကောင်စီက နောက်ကွယ်က ဖိအားပေးနေတာကြောင့် ဖြစ်နိုင်တယ်လို့ အရင်ထိုင်းအစိုးရရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ပန်နစ်တန် ဝက်တန်နရာဂုန် ကသုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ဖိအားပေးဆောင်ရွက်နေပြီး မြန်မာအာဏာပိုင်တွေနဲ့ ဆက်စပ်အလုပ်လုပ်နေတဲ့ အေဂျင်စီတွေကိုလည်း သွယ်ဝိုက်ပြီးဖိအားပေးနေတာကြောင့် အခုလို မူဝါဒပြောင်းလဲသွားတာလို့ထင်တဲ့ အကြောင်း ပန်နစ်တန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။