MOU သက်တမ်းတိုးဖို့ ပြည်တွင်းပြန်ရမှာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ စိုးရိမ်

ထက်ထက်အိန္ဒြာအောင် ၊ သဇင်လှိုင်
2024.05.31
MOU သက်တမ်းတိုးဖို့ ပြည်တွင်းပြန်ရမှာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ စိုးရိမ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Reuters

နှစ်နိုင်ငံ သဘောတူညီချက် MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက အလုပ်သမားတွေ လေးနှစ်သက်တမ်းကုန်ရင် ကိုယ့်နိုင်ငံကိုပြန်ပြီး သက်တမ်းတိုးရမယ်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ဧပြီလက ထုတ်ပြန်လိုက်တာကြောင့် မြန်မာအလုပ်သမားတွေ စိုးရိမ်နေကြပါတယ်။

ဒီသတင်း မှန်တဲ့အကြောင်းနဲ့ အလုပ်သမားတွေ မပြန်ချင်တဲ့အတွက် ထိုင်းအစိုးရကို တောင်းဆိုပေးဖို့ အကူအညီ လာတောင်းတာတွေ ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ MHAC မဟာမိတ်အဖွဲ့ရဲ့ ဦးဆောင်သူ ကိုရဲမင်း (AAC)က ပြောပါတယ်။

“ကြားနေရတဲ့သတင်းတွေက မှန်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် အလုပ်သမားတွေဟာ စာအုပ်ကို ထိုင်းထဲမှာပဲ သက်တမ်းတိုးပြီး လုပ်နေကျအလုပ်ရုံမှာပဲ လုပ်ခွင့်ရတယ်။ အလုပ်သမားတွေကလည်း လုပ်ချင်တယ်။ အခုဟာက စစ်ကောင်စီဘက်က ဖိအားကြောင့်လား။ MOU စည်းမျဥ်းစည်းကမ်းကြောင့်ပဲလား မသိဘူး။ လက်ရှိ ထိုင်းနိုင်ငံထဲမှာ လေးနှစ်ပြည့်သွားတဲ့ MOU အလုပ်သမားတွေဟာ မြန်မာပြည်ကို မပြန်ချင်ဘဲနဲ့ ပြန်နေရတယ်”

ထိုင်းရောက် မြန်မာလုပ်သားတွေဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ထောက်ပံ့နေကြတာ ရှိပါတယ်။ ဒီထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာကြောင့် အတင်းအဓမ္မ ပြည်တွင်းကို ပြန်ခေါ်တာလို့ ဖြစ်နိုင်တယ်လို့လည်း ကိုရဲမင်း (AAC) က သုံးသပ်ပါတယ်။

“ပြန်သွားရတဲ့သူတွေအတွက် အခုကာလမှာ အန္တရာယ်များတယ်”

ထိုင်းနိုင်ငံ လွတ်ဘူရီခရိုင်က ကြက်သားစက်ရုံတစ်ရုံမှာ MOU သက်တမ်းပြည့်လို့ ပြည်တွင်း ပြန်ဝင်ရတဲ့ မြန်မာအလုပ်သမား နှစ်သုတ်ရှိနေပြီလို့ အဲဒီစက်ရုံက အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

“၆ လပိုင်းထဲ ၁၃ ရက်၊ ၁၄ ရက်ကိုလည်း ကုန်မယ့်တစ်သုတ် ရှိတယ်။ အဲဒါတွေကိုလည်း အပြီးပြန်လွှတ်မဲ့ အနေအထားရှိတယ်။ ကျွန်တော်တို့စက်ရုံမှာလည်း တော်တော်များတယ်။ တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ် အစဥ်အတိုင်းသွားမှာပါ။ အခုလက်ရှိထွက်သွားတဲ့သူက ပထမတစ်သုတ် ၁၃ ယောက်ရှိတယ်။ နောက်တစ်သုတ်က ၁၃ယောက်ရှိတယ်။ ကျွန်တော် အမှတ်မမှားဘူးဆို သိန်းနဲ့ချီပြီး နေရပ်ပြန်ရမဲ့အနေအထားရှိတယ်”

ထိုင်းအလုပ်ရှင်တွေကလည်း ကျွမ်းကျင်အလုပ်သမားတွေကို မပြန်စေချင်တဲ့အတွက် အတတ်နိုင်ဆုံးကူညီပေးကြတယ်လို့ သူက ပြောပါတယ်။

မြန်မာပြည်ဘက်မှာလည်း စစ်မှုမထမ်းမနေရဥပဒေ အတည်ပြုထားပြီး ပြီးခဲ့တဲ့မေလ ၁ ရက်နေ့ကစလို့ လူငယ်အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် မပေးတော့ဘူး ဆိုတဲ့အကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် MOU အလုပ်သမားတွေ ပြည်တွင်းမပြန်ဘဲ အလုပ်ဆက်လုပ်လို့ရအောင် သက်ဆိုင်ရာနိုင်ငံတွေကို အကူအညီ တောင်းထားတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမား ဒုတိယဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

“ကြားထားရတဲ့ သတင်းတွေအရ စကစက ပြည်တွင်းပြန်ပြီးတော့ သက်တမ်းတိုးတဲ့ အလုပ်သမားတွေကို သူတို့ရွေးကောက်ပွဲအတွက် လိမ်လည်ပြီး ကြိုတင်မဲယူဖို့အတွက် ပြည်တွင်းကိုပြန်ခိုင်းတယ်လို့ ကြားသိထားရတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားထုတွေ ပြည်တွင်းမပြန်ဘဲနဲ့ MOUနဲ့လာတဲ့နိုင်ငံမှာ ဆက်နေထိုင်၊ အလုပ်လုပ်လို့ရအောင် သက်ဆိုင်ရာနိုင်ငံတွေကို အကူအညီ တောင်းထားပါတယ်”

MOU အလုပ်သမားတွေ ကိုယ့်နိုင်ငံကိုယ် ပြန်ပြီးသက်တမ်းတိုးရမဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီ အလုပ်သမား သံအရာရှိရုံးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Labour Attache Office)
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြဝတီမြို့ကနေ မဲဆောက်မြို့ကို ဝင်ရောက်လာကြသည့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Labour Attache Office)

ပြန်သွားရတဲ့သူတွေအတွက် အခုကာလမှာ အန္တရာယ် များတယ်လို့ ကိုရဲမင်း (AAC) က ပြောပါတယ်။

“ပြန်ပြီးရင်လည်း လူသစ်ဘဝနဲ့ ပြန်ဝင်လာရတယ်။ မြန်မာပြည်ကို MOU အလုပ်သမားတစ်ယောက်ပြန်ရင် ထပ်ဝင်ဖို့က အချိန်ကာလ နှစ်နဲ့ချီစောင့်ရပြီ။ တစ်လ၊ နှစ်လနဲ့တော့ ထိုင်းထဲကို ပြန်ဝင်လာဖို့တော့ မလွယ်တော့ဘူး။ ပြန်ပို့ခံရတဲ့ အလုပ်သမားတွေအတွက် အင်မတန် အန္တရာယ်ကြီးတယ်”

ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ လူသားချင်း စာနာထောက်ထားပြီး ဆက်နေထိုင်ခွင့်ပြုဖို့ တောင်းဆိုတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း Labour Rights Foundation (LRF) က ဦးအောင်ကျော်က ပြောပါတယ်။

“အကယ်၍များ အသက်အပိုင်းအခြားနဲ့ ငြိစွန်းပြီးတော့ စစ်မှုထမ်းဥပဒေထဲကို ရောက်ကောင်းရောက်သွားနိုင်တယ်။ ပြီးရင် နေ့ညမပြတ် စည်းမဲ့ကမ်းမဲ့ ပစ်ခတ်ဖမ်းဆီး ဗုံးကြဲနေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်သားတွေက သူတို့ပြန်သွားတဲ့အခါမှာ အသက်အန္တရာယ်နဲ့ လုံးဝ ကြုံတွေ့နိုင်ရတဲ့အတွက်ကြောင့် ထိုင်းအစိုးရကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ နေရပ်ပြန်ပို့တာမျိုးမဟုတ်ဘဲ ဒီနိုင်ငံမှာပဲ တစ်နည်းနည်းနဲ့ နေထိုင်ခွင့်ရအောင် အလုပ်လုပ်ခွင့်ရအောင် ဆောင်ရွက်ပေးပါဆိုတာကို တောင်းဆိုနေခြင်းဖြစ်ပါတယ်”

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာလည်း MOU လေးနှစ်ပြည့် အလုပ်သမားတွေကို နေရပ်ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာပဲ သက်တမ်းတိုးခွင့်ပြုဖို့ အလုပ်သမားအဖွဲ့တွေက ဘန်ကောက်မြို့မှာ ချီတက်တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။