စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ ပြည်ပမထွက်ရေး စစ်ကောင်စီ ဆက်လက်တင်းကျပ်

RFA Burmese
2025.02.06
စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေ ပြည်ပမထွက်ရေး စစ်ကောင်စီ ဆက်လက်တင်းကျပ် MOU စနစ်ဖြင့် ထိုင်းနိုင်ငံထဲသို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့သည့် မြန်မာအလုပ်သမားများအား ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထွက်လာပြီးနောက် စစ်ကောင်စီဟာ စက်မှုထမ်းအကျုံးဝင်တဲ့ လူငယ် အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်လိုက်တာကြောင့် အနာဂတ်ပျောက်သလို ခံစားနေရတယ်လို့ ပြည်ပထွက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေက ပြောပါတယ်။

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ပြည်ပထွက်ခွင့် ကန့်သတ်လိုက်တာဖြစ်ပြီး ပြည်ပ အလုပ်အကိုင် အလုပ်သမားသက်သေခံကတ် Overseas Worker Identification Card (OWIC) ထုတ်ပေးတာကိုပါ ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်တာလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

“အနာဂတ်လုံးဝ ပျောက်သွားသလို ခံစားရပါတယ်။ အခုအချိန်မှာတော့"

ဒါ့အပြင် အခုရက်ပိုင်းမှာပဲ ပြည်ပကို အလုပ်သွားလုပ်မဲ့သူတွေတက်ရတဲ့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရောက်ခွင့်ကိုပါ ပိတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရှိတယ်ရှိတယ် အဲလိုပိတ်လိုက်ပြီလို့ ပြောတယ်။ တော်တော်များများက ပြောနေကြတယ်။ ၁၈ နဲ့ ၃၅ ပေါ့နော် ယောက်ျားလေးပိတ်တာက ခဏပြောသလို ၃၀ ရက်နေ့မတိုင်ခင် စာချုပ်ချုပ်ထားတဲ့သူတွေပဲ လွတ်တယ်။ အကုန်လုံးကို ထပ်ပြီးတော့ မလုပ်ပေးတော့ဘူး။ OWIC လုပ်မယ်ဆိုရင် သူက သင်တန်းနှစ်ရက်တက်ရတာ အဲပထမတစ်ရက်ပြီး နောက်ဒုတိယရက်မှာတော့ မနက်ပိုင်းတက်ပြီး နေ့လယ်ပိုင်းတစ်ခါတည်း ကတ်ထုတ်ပြီး တင်ရတာ အတူတူပဲ အဲသင်တန်းနဲ့ OWIC လုပ်တာနဲ့”

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နည်းဥပဒေကို ဆက်လက်ပြဋ္ဌာန်းခဲ့ပါတယ်။


ဆက်နွှယ်သော သတင်းများ

စစ်မှုထမ်းကိစ္စ ပိုပြီးကြပ်မတ်မယ်လို့ စစ်ကောင်စီ ပြော

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ


အဲဒီ နည်းဥပဒေ ပုဒ်မ - ၅၁ မှာ အမိန့်စာရရှိသူတွေဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရဆိုပြီး ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အနာဂတ်ပျောက်သလို ခံစားနေရတယ်လို့ ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“အနာဂတ်လုံးဝ ပျောက်သွားသလို ခံစားရပါတယ်။ အခုအချိန်မှာတော့။ အခုလိုမျိုး ကျပ်တည်းတဲ့အချိန်မှာ ဒီလိုမျိုး အချိန်ကုန်ထားတယ်၊ ငွေကုန်ထားတယ် ရင်းထားတဲ့အချိန်မှာ ဒါပေမဲ့ အဲဒီကြားထဲမှာ အခုလိုမျိုး စစ်မှုထမ်းဥပဒေ ပြန်ရောက်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့က အခုလာမဲ့ ရှေ့ရေးမှာကျတော့ ဟိုဟာကဖြစ်တယ်၊ ဒီဟာကဖြစ်မယ် အတိအကျပြောလို့ မရတော့ဘူး ဖြစ်သွားတာပေါ့နော်။ သွားလို့ရမယ်ဆိုရင်တော့ သူတို့က ထွက်ခွာခွင့်အတွက် ငွေရေးကြေးရေးနဲ့ ပြန်ရှင်းနေရတာ တော်တော်များတယ်။ ဆိုတော့ တကယ်လို့ သွားလို့ရမယ်ဆိုရင်တောင်မှာ ငွေရေးကြေးရေး အခက်အခဲတွေ အများကြီး ကုန်ကျဦးမဲ့သဘောတွေရှိတယ်”

ရန်ကုန်မှာ သင်တန်းကြေး၊ နေထိုင်စရိတ်၊ စားသောက်စရိတ်နဲ့ အထွေထွေအသုံးစရိတ် တစ်လအနည်းဆုံး ငါးသိန်းဝန်းကျင် ကုန်ကျနေတယ်လို့ ဆိုပါတယ်။

လက်ရှိ အမျိုးသမီးတွေနဲ့ စစ်မှုထမ်းအကျုံးမဝင်တဲ့ အမျိုးသားတွေကိုတော့ ပြည်ပထွက်အလုပ်လုပ်ဖို့ စစ်ကောင်စီဘက်က ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ စစ်မှုထမ်းနဲ့ အကျုံးဝင်တဲ့ အမျိုးသားတွေ ပြည်ပအလည်အပတ်သွားတာကို ရန်ကုန်လေဆိပ်မှာ တင်းကျပ်နေပြီး အများစုကို ထွက်ခွင့်မပေးဘူးလို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ လူငယ်တွေက ပြောပါတယ်။

ဂျပန်နိုင်ငံသွားဖို့ နှစ်နှစ်နီးပါး ရန်ကုန်မြို့မှာ ပြင်ဆင်ခဲ့ပြီးမှ မသွားရတော့တာကြောင့် မိသားစုကို သနားနေရပြီလို့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းကနေ ရန်ကုန်ရောက်နေတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုယ်က သွားရတော့မယ်။ အခုဆိုရင် ကျွန်တော်တို့က COE (Certificate of Eligibility) စောင့်တာ အခု demand (အလုပ်ရကြောင်းစာ) ကျဖို့ပဲလိုတော့တာ။ အဲဒီတစ်ဆင့်ပဲလိုတော့တဲ့အချိန်မှာ မသွားရဘူး အဲလိုမျိုးဖြစ်သွားတော့ ကိုယ်ရဲ့အချိန်လည်း ဆုံးရှုံးသွားတာပေါ့။ ပြီးရင် ကိုယ်က အသက်ရွယ်လည်း နည်းနည်းရလာပြီဆိုတော့ အတွေးအမျိုးမျိုး တွေးလာတာပေါ့။ ပြီးတော့ ကိုယ့်ကိုယ်ကိုပဲ အားကိုးပြီးတော့ မရှိမဲ့ရှိမဲ့ထောက်ပံ့ပြီးတော့ နိုင်ငံခြားသွားရဖို့ ထောက်ပံ့ပေးတာ မသွားရဘူးဆိုတော့ မိဘတွေကိုလည်း သနားတော့ သနားသွားတယ်”

စစ်ဘေးဒုက္ခသည်စခန်းမှာ ခက်ခက်ခဲခဲနေထိုင်နေတဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ ရည်ရွယ်ထားတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေ ပျက်သွားပြီလို့ ဆိုပါတယ်။

လူငယ်တွေကို ပြည်ပထွက်ခွင့် ကန့်သတ်နေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

၂၀၁၉ ခုနှစ်၊ သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

စစ်မှုထမ်းနည်းပဒေထွက်ပြီး လူငယ်တွေ ပြည်ထွက်ခွင့် ပိတ်ပင်လိုက်တဲ့ သတင်းကြားပြီး စိတ်ဓာတ်ကျနေတယ်လို့ နောက်ထပ် ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

“အဲသတင်းကို စကြားတဲ့နေ့ဆိုရင် ကျွန်တော် ညဘက်တောင်မှ အိမ်လို့မပျော်ဘူးဖြစ်တယ်။ ဒါဘယ်လို ဖြစ်လာမလဲ။ အနာဂတ်ကို လုံးဝသွားမှန်းဆလို့တောင် မရတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ တံတိုင်းကြီး ကာထားသလို အဲဒါကြီးက စိတ်ထဲမှာ ဘယ်လိုမှ နာလန်ထူလို့ မရဘူးဖြစ်သွားတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာရှိနေတဲ့ လူငယ်တွေ အားလုံးပဲပေါ့ အဲလိုဖြစ်နေတယ်။ အဲဒါ ခံစားနေရတယ်။ ဒီလူငယ်တွေတောင် မကပါဘူး လူငယ်ရှိတဲ့အိမ်တိုင်း ခံစားရတဲ့ စိတ်ခံစားချက်ပေါ့ အဲဒါကတော့”

စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် လူငယ်တိုင်းလိုလို စိတ်ဓာတ်ကျနေကြပြီး စာတွေကိုလည်း အရင်လို အားမစိုက်ချင်ကြတော့ဘူးလို့ ပြောကြပါတယ်။

ပြည်ပကို အလုပ်သမားပို့တဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး လူငယ်တွေလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီး ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့တော့ လုပ်ငန်းတွေ တစ်ဝက်တစ်ပြက်တော့ ရပ်ကုန်တာတွေလည်း အများကြီးရှိတယ်။ ကျွန်တော်တို့လည်း ဆက်ပြီးလှုပ်ရှားဖို့က လောလောဆယ်တော့ ခဏရပ်ထားတဲ့ပုံစံ ဖြစ်တယ်ပေါ့နော်။ ဘယ်လိုတွေ အတိအကျ အော်ဒါထပ်လာမလဲ မပြောတတ်သေးဘူးပေါ့နော်။ နောက်ထပ် အော်ဒါအသစ်တွေ ထွက်လာရင်တော့ ကျွန်တော်တို့အတွက်တော့ အရမ်းခက်ခဲသွားပါပြီ။ အခွင့်အရေးတွေမှာတော့ ဟိုဘက် နိုင်ငံတွေကလည်း လူခေါ်ဖို့ရာ သိပ်ပြီးတော့ စိတ်မဝင်စားတော့ဘူးပေါ့။ ဒီလောက်တော့ရှိမှာပေါ့နော်”

ပြည်ပနိုင်ငံတွေဟာ အလုပ်သမားကို အသက် ၂၀ နဲ့ ၃၀ အကြားပဲ အဓိကခေါ်ချင်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ကန့်သတ်လိုက်မှုကြောင့် မြန်မာအလုပ်သမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားမှုနည်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ်တချို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆက်တိုက်ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ အခုနှစ်၊ ဇန်နဝါရီလအတွင်း လူငယ် ၂၃၇ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတယ်လို့ မန္တလေး သပိတ်အင်အားစုအဖွဲ့က ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်ကစပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ ရန်ကုန်တိုင်းက အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေကိုပါ စာရင်းစကောက်နေပြီလို့ မြို့ခံတွေက ပြောပေမဲ့ စစ်ကောင်စီကတော့ ငြင်းထားပါတယ်။

လက်ရှိ တစ်နိုင်လုံးမှာရှိတဲ့ စစ်သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်သင်ကြားနေတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။