စစ်မှုထမ်းကိစ္စ ပိုပြီးကြပ်မတ်မယ်လို့ စစ်ကောင်စီ ပြော

RFA Burmese
2025.01.29
စစ်မှုထမ်းကိစ္စ ပိုပြီးကြပ်မတ်မယ်လို့ စစ်ကောင်စီ ပြော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့စစ် တယ်လီဂရမ်

ပြည်သူ့စစ်မှုထမ်းအတွက် ဥပဒေပြဋ္ဌာန်းချက်အပေါ် မမှန်မကန်ဆောင်ရွက်တာကို ထိထိရောက်ရောက် အရေးယူမဲ့အပြင် လုပ်ကြံဝါဒဖြန့် ပြောဆိုမှုတွေကိုလည်း ဖော်ထုတ်မယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောတဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေမှာ ဇန်နဝါရီလ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဇန်နဝါရီလ ၂၈ ရက် မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်လို့ ရပ်ကွက်၊ ကျေးရွာအဆင့်ကစပြီး မြို့နယ်၊ ခရိုင် အဆင့်ဆင့် အားနည်းချက်တွေရှိနေတယ်လို့လည်း ပြောခဲ့ပါတယ်။

ငွေကြေးမသမာမှုနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိသူ အဆင့်ဆင့်က စိစစ်ကြပ်မတ်ဖို့လိုပြီး မမှန်မကန်လုပ်သူတွေကို အရေးယူထားတယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုအရေးယူထားလဲဆိုတာ ထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက စစ်မှုထမ်းကြေးဆိုပြီး ငွေကျပ် သုံးသောင်းပေးနေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ လာကောက်တဲ့ ငွေသုံးသောင်းပေးရတယ်။ စစ်မှုထမ်းကြေးဆိုပြီးကောက်တယ်”

ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းတွေမှာလည်း စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ ငွေကြေးပေးရတဲ့အပြင် အဓမ္မဖမ်းဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မညီဘဲ ငွေကြေးရယူတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရဲမှူး သန်းဇော်၊ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်တို့ကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။