ဝမ်းတွင်းမှာ တစ်ပတ်အတွင်း လူငယ် ငါးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2025.03.11
ဝမ်းတွင်းမှာ တစ်ပတ်အတွင်း လူငယ် ငါးဆယ်ကျော် ဖမ်းဆီးခံရ ဝမ်းတွင်းမြို့တစ်နေရာအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ မတ်လ ပထမပတ်အတွင်း လူငယ် ငါးဆယ်ကျော် ဖမ်းဆီးခံရပြီး အဲဒီအထဲမှာ အမျိုးသမီးတချို့လည်းပါဝင်တယ်လို့ ဝမ်းတွင်းဒေသခံတွေက RFA ကို မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။

မြို့ပေါ်က သဲတောဈေး၊ နေပူကုန်း၊ မကျီးအုပ်၊ ဘုရားစု၊ ရွာရှည်၊ အိုင်သာ၊ သဘွတ်ကုန်း စတဲ့ရွာတွေ အပါအဝင် ရွာဆယ်ရွာကျော် ဒေသခံတွေ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာတွေထဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသလို လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ငွေကြေးနဲ့ ပြန်လည်ရွေးယူစတာရှိသလို တချို့ကိုလည်း စစ်မှုထမ်းဖို့အတွက် ခေါ်ဆောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်က အခြေအနေတွေကို ဖော်ပြနေတဲ့ Voice Of Wundwin တာဝန်ရှိသူတစ်ဦးက ဖမ်းဆီးခံရသူတချို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေပြီး သူတို့ကို မိတ္ထိလာတပ်နယ်ဘက် ပို့လိုက်တယ်လို့ RFA ကို ပြောပါတယ်။

“အဖမ်းခံရသူတချို့က ငွေနဲ့ပြန်ရွေးရတာရှိတယ်။ သိန်းသုံးဆယ်ကနေ သိန်းငါးဆယ်ကြား ပေးရတယ်။ ငွေမပေးနိုင်တဲ့သူတွေကတော့ ပါသွားတာပေါ့။ မိတ္ထိလာတပ်နယ်ဘက်ကို ပါသွားတယ်။ တပ်မ ၉၉၊ သာစည် စုဆောင်းရေးတပ်၊ ရှမ်းတဲ လေတပ်နားက လေ့ကျင့်ရေးတပ်၊ တချို့ကျတော့လည်း ရှမ်းပြည်နယ်က လေ့ကျင့်ရေး သင်တန်းကျောင်းတွေဘက် အပို့ခံရတယ်လို့ သိရပါတယ်”

ဝမ်းတွင်းမြို့နယ်မှာ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်လာတာကြောင့် လူငယ်တချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ငါးဆယ်ကျော်ထဲက ပြန်မလွှတ်ဘဲ စစ်မှုထမ်းဖို့ ဆက်လက်ဖမ်းဆီးခံထားရတဲ့ အရေအတွက် အသေးစိတ်ကို မသိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်မှုထမ်း ဥပဒေအတည်ပြုပြီးနောက် နိုင်ငံတစ်ဝန်းက လူငယ်တွေ ဖမ်းဆီးခံရပြီး အတင်းအကျပ် စစ်သားစုဆောင်းခံနေရတယ်လို့ စစ်မှုထမ်းစောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းအတွက် အတင်းအကျပ် စုဆောင်းတာမရှိတဲ့အကြောင်း ငြင်းဆိုထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။