စစ်မှုထမ်းဆင့်ခေါ်တာတွေ ပိုကြပ်မတ်လာလို့ လူငယ်တွေ တိမ်းရှောင်နေရ
2025.03.04

ဧရာဝတီ၊ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာတွေကို ဖေဖော်ဝါရီလ တတိယအပတ်ကစပြီး စစ်ကောင်စီအနေနဲ့ တင်းတင်းကျပ်ကျပ် လုပ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောကြပါတယ်။
စစ်မှုထမ်းစာရင်းမှာ ပါတဲ့သူတွေကို ညဘက်တွေမှာ ဖမ်းဆီးတာတွေရှိသလို၊ ထွက်ပြေးရင်လည်း အိမ်တွေချိတ်ပိတ်မှာဖြစ်ပြီး မိသားစုကိုလည်း အရေးယူမယ်လို့ ခြိမ်းခြောက်တဲ့အပြင် ပြည်ပထွက်ခွာခွင့်ပါ ပိတ်ထားတာကြောင့် လူငယ်အများစု ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီစစ်မှုထမ်းပြဿနာကလည်း ဘယ်သူ့မှ မထမ်းဆောင်ချင်ဘူးလေ”
ဧရာဝတီတိုင်း၊ ဟင်္သာတ၊ သာပေါင်း၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ဘိုကလေးစတဲ့ မြို့နယ်တွေမှာ တိုင်းအဆင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအလိုက် တစ်ရွာကို သင်တန်းသား နှစ်ဦးကနေ ခြောက်ဦးအထိ အမိန့်စာတွေနဲ့ တိုက်ရိုက်ဆင့်ခေါ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာတမြို့၊ လက်သမားရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညက စစ်မှုထမ်းစာရင်းမှာပါတဲ့သူ အသက် နှစ်ဆယ်ဝန်းကျင်အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ညပိုင်းမှာ ဖမ်းခေါ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီရပ်ကွက်က ဒီလူဟာ နာမည်စာရင်းပါတယ်ဆိုပြီး ခေါ်သွားတာပဲ ရှိတယ်။ ရပ်ကွက်မှာ မဲနှိုက်တာတို့၊ ဘာတို့ မလုပ်ဘဲနဲ့ သူ့ဟာသူ နာမည်စာရင်းနဲ့ ဝင်ခေါ်တယ်ဆိုတော့ သူ့ထိပ်လား၊ ငါ့ထိပ်လား ထင်ပြီးတော့ ပြေးကြတာပေါ့။ ညကတော့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် ခေါ်သွားတယ်ပြောတယ်။ ဝင်ဖမ်းသွားတယ်”
ဆက်နွှယ်သော သတင်းများ
စစ်မှုထမ်းတပ်သားသစ်တွေ စစ်ရာဇဝတ်မှုကျူးလွန်ဖို့ စေခိုင်းခံနေရ
နှစ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၂၀ ကျော် စစ်တပ်ကို စွန့်ခွာ
အဓမ္မ စစ်သားစုဆောင်းမှု နိုင်ငံတကာက အရေးယူပေးဖို့ NUG တောင်းဆို
အလားတူ သာပေါင်းမြို့နယ်က ရွှေရောင်ချ၊ ကမ်ဘဲ့(ကမ္ဘဲ့)၊ မရမ်းချို၊ လှေကြီးတက်စတဲ့ ကျေးရွာအုပ်စုတွေမှာ ကျေးရွာအုပ်စုတစ်ခုကို သင်တန်းသား သုံးဦးကနေ ငါးဦးအထိ စစ်မှုထမ်းဖို့အတွက် လူနာမည်နဲ့ ဆင့်ခေါ်စာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်ပို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာပေါင်းမြို့ခံ တစ်ဦးက ပြောပါတယ်။
“ဆယ်အိမ်ခေါင်းတို့၊ ရာအိမ်မှူးတို့၊ အုပ်ချုပ်ရေးမှူးတို့ အကုန်လုံးခေါ်တယ်လေ။ ခေါ်လည်းပြီးရော သူတို့ရှေ့မှောက်မှာ ဒီမှာ ခင်ဗျားတို့ ဒီအုပ်စုအတွက်၊ ဟိုကလည်း ခင်ဗျားတို့ ကျေးရွာအုပ်စုအတွက် ရော့ ကိုယ့်ဟာ ကိုယ်ဖွင့်ဆိုပြီးတော့ စာအိတ်တွေ ဖွင့်ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးတွေကတော့ တုန်တုန် ရီရီနဲ့ပေါ့လေ။ ဖွင့်ဖို့ မဖွင့်ဖို့ကို အဲဒါ ကြောက်နေတယ်။ ဖွင့်တဲ့အခါကျတော့ အဲဒီမှာ တို့အုပ်စုထဲက သုံးယောက်တစ်တွဲပေါ့။ ရွှေရောင်ချအုပ်စုထဲက လေးယောက်တစ်တွဲပေါ့ အဲဒီလိုပါလာတယ်”
ဒါကြောင့် သာပေါင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နဲ့ ရုံးစာရေးတချို့ နှုတ်ထွက်စာတင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဇန်နဝါရီလက အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဆင့်ခေါ်တာကို ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက မိသားစုကို ခြိမ်းခြောက်တာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ စစဦးတုန်းက ရှောင်တိမ်းသွားတော့ လွန်ခဲ့တဲ့ တစ်လခွဲဝန်းကျင်လောက်က ပေါ့နော်။ အဲဒီတုန်းက ညီမတို့အိမ်ကို ချိပ်ပိတ်မယ်ဆိုပြီးတော့ ဓာတ်ပုံတွေ လာရိုက်သွားတာမျိုးတော့ ရှိတယ်။ မနေရဘူး။ ဖယ်ပေးရမယ်။ ဆက်နေမယ်ဆိုရင်လည်း အဲဒီလူကို ရှာပေးရမယ်ပေါ့နော်။ အဲဒါ မရှာပေးချင်လို့ရှိရင် မနေရဘူး။ တခြားကိုပြောင်းရမယ် အဲဒီလိုတော့ပြောတယ်”
မန္တလေးမြို့မှာ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ၄၇ လမ်း၊ ၄၈ လမ်းနဲ့ ၄၉ လမ်းက လူငယ်လေးဦးကို စစ်ကောင်စီ တပ်သားတွေက ညဘက်ဝင်ဖမ်းပြီး တောင်ကြီးနဲ့ မတ္တရာက စစ်သင်တန်းကျောင်းတွေကို ချက်ချင်းပို့လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“များသောအားဖြင့်က ရပ်ကွက်အစွန်အဖျားတွေမှာ တော်တော်ဆွဲတယ်။ ဆွဲတော့ ရေပိုက်ပြင်တဲ့ ကောင်ရဲ့ သူ့အစ်ကို ပါသွားတယ်ကွာ။ သူ့ယောက်ဖလည်း ပါသွားတယ်။ သူတောင်မှ အဲဒီလို အပြေးမြန်လို့တဲ့။ ညကြီးကို ဧည့်စာရင်းစစ်မဲ့ပုံစံမျိုး လာတာ။ အဲဒီနေ့ညက လာဆွဲတာ သူတို့တစ်တန်းထဲကို လေးယောက်တဲ့။ လေးယောက်ကို သူတစ်ယောက်ပဲ လွတ်တယ်”
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာတော့ စစ်မှုထမ်းငှားရမ်းဖို့ဆိုပြီး လစဉ် တစ်အိမ်ကို ငွေကျပ် တစ်သောင်းကနေ နှစ်သောင်းအထိ ကောက်ယူခဲ့ပေမဲ့ အခုလကစပြီး ငွေမယူတော့ပဲ လူပဲ ရွေးတော့မယ်ဆိုတာကြောင့် စိုးရိမ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
“အရင် စစ်မှုထမ်း ပိုက်ဆံတွေ ပေးရတယ်လေ။ အခုလကနေစပြီးတော့ မယူဘူးဆိုပြီး ပြန်ပေးပြီးတော့ မဲနှိုက်မယ်လို့တော့ ပြောသံကြားတာပဲ။ လက်လုပ်လက်စား ပြည်သူပြည်သားတွေ အနေနဲ့ကတော့ ကြောက်တာပေါ့။ ဒီစစ်မှုထမ်းပြဿနာကလည်း ဘယ်သူ့မှ မထမ်းဆောင်ချင်ဘူးလေ”
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာလည်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရှိတဲ့ အိမ်တိုင်းကို စာအိတ်တွေ ပို့တာရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်စုစုနွေးက ပြောပါတယ်။
“ဒီလူတွေက ပြည်ပကို ရောက်နေလို့ရှိရင်လည်းပေါ့နော်။ သူတို့ဘက်က ညွှန်ကြားချက်ကျလာလို့ ခေါ်တဲ့အခါကျရင် သူတို့ကိုပေါ့နော် ပြန်ခေါ်ပေးဖို့ပေါ့။ ပြည်တွင်းမှာ ရှိနေတဲ့လူတွေကတော့ အခု စာအိတ်လာပေးတဲ့ အချိန်ကနေစပြီးတော့ပေါ့နော်။ အလုပ်သွားလုပ်တာပဲဖြစ်ဖြစ် ဘယ်သွားတာပဲ ဖြစ်ဖြစ်ပေါ့နော်။ ရပ်ကွက်လူကြီးကို အသိပေး အကြောင်းကြားရမယ်ဆိုတာမျိုးတွေ အဲဒီလိုမျိုးတွေ ပို့တယ်”
စစ်မှုထမ်းဆင့်ခေါ်တဲ့အခါ ဥပဒေမဲ့လုပ်ရပ်တွေရှိလာရင် ဗဟိုအဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး တာဝန်ရှိသူတစ်ဦးက RFA ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြောပါတယ်။
“မိဘပြည်သူတွေအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ခုကို သေချာလေးရေးသားပြီး တိုင်ကြားပေးမယ်ဆို ကျွန်တော်တို့က လာတဲ့တိုင်စာအားလုံးကို အရေးယူဆောင်ရွက်ပေးတယ်ဆရာ။ သက်ဆိုင်ရာ တိုင်းဒေသကြီး ဆင့်ခေါ်ရေး အဖွဲ့တွေကနေတစ်ဆင့် စစ်ဆေးတယ်ဆရာ။ တချို့ဒေသတွေမှာဆိုရင် တချို့ ဆရာတို့လည်း ကြားမှာပါ။ ဧရာဝတီတို့ ရန်ကုန်တို့ဆို အရေးယူဆောင်ရွက်တာတွေလည်း တော်တော်များနေပြီပေါ့ ဆရာရယ်”
ပြီးခဲ့တဲ့နှစ်ကစခဲ့တဲ့ စစ်မှုထမ်းသင်တန်းတွေဟာ အပတ်စဉ် (၁၀) အထိ ရောက်နေပါပြီ။ အပတ်စဉ် တစ်ခုကို လူ (၅၀၀၀) ဝန်းကျင်သင်တန်းပေးနေတာကြောင့် အပတ်စဉ် (၉) အထိ လူလေးသောင်းခွဲ ရှိနေပြီလို့လည်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး တာဝန်ရှိသူတစ်ဦးက RFA ကို ဇန်နဝါရီလကုန်ပိုင်းက ပြောဆိုထားပါတယ်။
အဲဒီသင်တန်းသားတွေထဲမှာ အတင်းအကျပ် ဖမ်းဆီးခံရသူတွေ ပါဝင်တယ်လို့ စောင့်ကြည့်သူတွေက ပြောပေမဲ့ စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီက အသက်သွင်းခဲ့တာပါ။
အဲဒီနောက် ၂၀၂၅ ဇန်နဝါရီလ ၂၃ ရက်နေ့က ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကိုတော့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနည်းဥပဒေ ပုဒ်မ ၃၃(က) အရ စစ်မှုထမ်းရမဲ့ အသက်အရွယ်ရောက်သူအနေနဲ့ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်ချိန်ပျက်ကွက်ရင် သူ့ရဲ့ မိသားစုကိုပါ စုံစမ်းစစ်ဆေးခံရမှာဖြစ်ပြီး ပျက်ကွက်သူဟာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေပုဒ်မ (၂၃) အရ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် ဒီနည်းဥပဒေပုဒ်မ ၅၁ အရ စစ်မှုထမ်း အမိန့်စာရရှိသူအနေနဲ့ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရမချင်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။
အလားတူ ပုဒ်မ ၅၁ မှာလည်း ဆေးစစ်ချက်အောင်မြင်ပြီးသူဟာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်၊ စစ်မှုထမ်းကာလကို လျှော့ပေါ့ပေးဖို့၊ ရွှေ့ဆိုင်းပေးဖို့လျှောက်ထားရင် ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရမချင်း ပြည်ပထွက်ခွာခွင့်မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။