နှစ်လအတွင်း စစ်မှုထမ်းတပ်သားသစ် ၁၂၀ ကျော် စစ်တပ်ကို စွန့်ခွာ
2025.02.28

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်တပ်တွေရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ပထမနှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိလာပါတယ်။
ဇန်နဝါရီလအတွင်း ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ၆၂ ဦးရှိပြီး ဖေဖော်ဝါရီလအတွင်း ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်း တပ်သား ၆၁ ဦးရှိပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်း တပ်သားသစ်တွေကို စစ်ဆင်ရေးတွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ အလွန်အကျွံ အသုံးပြုနေတယ်လို့ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ-၅၅၈ တပ်ရင်းကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်း တပ်သားတစ်ဦးက RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၀) အထိ ခေါ်ယူပြီး လူသစ်စုဆောင်းထားပါတယ်။ တစ်ကြိမ်ကို လူငါးထောင်နှုန်း စုဆောင်းမယ်လို့ စစ်ကောင်စီက ပြောဆိုထားတာကြောင့် လူငါးသောင်း စုဆောင်းထားနိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။
သူတို့ကို နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၇ ခုမှာ လေ့ကျင့်ပေးခဲ့တယ်လို့ စစ်မှုထမ်းစုဆောင်းမှုကို လေ့လာစောင့်ကြည့်နေတဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က RFA ကို ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ စစ်သား စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သား ၁၇၆ ဦး ရှိပါတယ်။