အဓမ္မ စစ်သားစုဆောင်းမှု နိုင်ငံတကာက အရေးယူပေးဖို့ NUG တောင်းဆို
2025.03.04

စစ်ကောင်စီတပ်က လျော့နည်းလာတဲ့ အင်အားတွေကို ဖြည့်တင်းဖို့အတွက် အဓမ္မ စစ်သားစုဆောင်းနေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၄ ရက်နေ့မှာ တောင်းဆိုပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီနေ့ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာ၊ အိမ်နီးချင်းနိုင်ငံတွေက ပြန်ပို့လာသူတွေကို စစ်မှုထမ်းစေတာ၊ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းစေဖို့ စတင်လာတာ၊ အကျဉ်းထောင်တွင်းက လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းတာ၊ လူငယ်တွေ နိုင်ငံတကာ ထွက်ခွာတာကို ပိတ်ပင်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
စစ်သားစုဆောင်းထားသူတွေကိုလည်း လအနည်းငယ်ပဲ စစ်သင်တန်းတက်စေပြီး ချက်ချင်းဆိုသလို ရှေ့တန်းစစ်မျက်နှာတွေကို စေလွှတ်နေတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
“စစ်သားစုဆောင်းထားသူတွေကို လအနည်းငယ်ခန့် စစ်သင်တန်းတက်စေပြီး ချက်ချင်းဆိုသလို ရှေ့တန်းစစ်မျက်နှာတွေကို စေလွှတ်ပြီး လူသားဒိုင်းသဖွယ် အသုံးပြုတာကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စဟာ နိုင်ငံနဲ့ချီပြီး ကျူးလွန်နေတဲ့ အဓမ္မ အလုပ်စေခိုင်းမှု ဖြစ်ပြီးတော့ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်နေတာဖြစ်တာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်”
အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်လည်အပ်နှံတာမျိုးမလုပ်ဘဲ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးကြဖို့လည်း NUG က မေတ္တာရပ်ခံပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီကတော့ အဓမ္မ စစ်သားစုဆောင်းတာတွေ မရှိဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁၀) အထိ ခေါ်ယူပြီး လူသစ်စုဆောင်းထားပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လတွင်း စစ်ကောင်စီတပ်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၁၂၃ ဦးအထိ ရှိပါတယ်။