စစ်မှုထမ်းသစ် ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ပြော

RFA Burmese
2025.02.09
စစ်မှုထမ်းသစ် ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ ပြော ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်၀တ်ပစ္စည်းများ ထုတ်ပေးနေသည်ကို တွေ့ရစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီတပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၃၁ ဦးအထိ ရှိခဲ့တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့က (People's Embrace) ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်လာတာကြောင့် ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သူတို့ဟာ လက်နက် ၁၅ လက် ယူဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ဘယ်ဒေသကနေ ဘယ်လို ခေါ်ထုတ်ခဲ့တယ်ဆိုတာ ဖော်ပြထားတာ မရှိပါဘူး။

ဒါဟာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ပြည်သူအများအပြားကို ဖမ်းဆီးစုဆောင်းတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးပေမဲ့ ၃၁ ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင့်အဖွဲ့က ပြောပါတယ်။

စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကနေ တစ်ဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်အဖွဲ့ကို လာရောက်ဆက်သွယ်တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်ကို စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၁၃၆ ဦးဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှုအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ စွန့်ခွာလိုသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လွပ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။