ထိုင်းနိုင်ငံရောက် MOU အလုပ်သမား သုံးဆယ်ကျော် အခက်အခဲဖြစ်နေ
2025.02.10

နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) နဲ့ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ဖို့သွားတဲ့ မြန်မာအလုပ်သမား သုံးဆယ်ကျော် ပုံမှန်အလုပ်မလုပ်ရတာကြောင့် အခက်အခဲဖြစ်နေပါတယ်။
အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေက စက်ရုံမှာ ပုံမှန်အလုပ်မလုပ်ရတဲ့အပြင် မြန်မာနိုင်ငံဘက်က ခေါ်လာတဲ့ အေဂျင်စီကလည်း တာဝန်ယူဖြေရှင်းပေးတာမရှိကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်း က ပြောပါတယ်။
“သံရုံးက သူတို့ဆန္ဒပြတာနဲ့ ချက်ချင်း တစ်ခါတည်းရုံးထဲကို ခေါ်သွင်းတာ။ သံရုံးရှေ့မှာ ဆန္ဒပြတာမခံဘူး။ ဘာမှလည်း ပြဿနာ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ဘူး။ လက်လွတ်စပယ်ပဲ။ ခုအလုပ်သမားတွေက ဟိုမရောက် ဒီမရောက်အခြေအနေနဲ့ ရင်ဆိုင်နေရတာပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ ထိုင်း ဥပဒေအတိုင်း ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်သွားနေရတာပေါ့။ ဒီအလုပ်သမားတွေရဲ့ နစ်နာမှုပြေလည်အောင် မြန်မာအေဂျင်စီဘက်ကရော မြန်မာသံရုံးဘက်ကရော ပြီးတော့ အလုပ်ရုံဘက်ကရော ဖြေရှင်းပေးခြင်းမရှိသေးဘူး”
MOU စာချုပ်နဲ့ ရောက်လာပြီး ပုံမှန်အလုပ်မရတဲ့ မြန်မာအလုပ်သမား ၃၁ ယောက်ဟာ သူတို့ရဲ့အခက်အခဲကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို ရောက်လာတာ သုံးလလောက်ရှိနေပြီဖြစ်ပေမဲ့ တစ်ရက်ခြားသာ အလုပ်ဆင်းရပြီး နှစ်လလောက်က အလုပ်မလုပ်ရဘူးလို့ ဆိုပါတယ်။
အဲဒီအလုပ်သမားတွေဟာ မြန်မာပြည်ကနေ အေဂျင်စီကို ကျပ်သိန်းခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ငွေပေးခဲ့ရပြီး ထိုင်းနိုင်ငံမှာရှိတဲ့ စက်ရုံမှာ အလုပ်လုပ်ဖို့ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားတွေလို့ အေအေစီ ကိုရဲမင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလနဲ့ ၂၀၂၅ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံကို MOU နဲ့ ရောက်လာပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာလုပ်သားပေါင်း ထောင်ချီရှိတယ်လို့ ကိုရဲမင်းက RFA ကို ပြောထားပါတယ်။