တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မှာ မြန်မာနိုင်ငံသားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ
2025.03.08

တရုတ်နိုင်ငံ၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့ကိုရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေက မတ်လဆန်းပိုင်းကစပြီး ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
နယ်စပ်ခိုးပေါက်တွေကနေ တရားမဝင် ဝင်ရောက်သူတွေ များလာတာကြောင့် တရုတ်ရဲတပ်ဖွဲ့က အလုပ်ရုံ၊ စိုက်ပျိုးရေးခြံတွေအထိ ဝင်ရောက်စစ်ဆေးတာတွေ ပိုတင်းကျပ်လာတယ်လို့ ဆိုပါတယ်။
မတ် ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ တရားမဝင် နေထိုင်တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကျယ်ဂေါင်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
“အဓိက မြန်မာနိုင်ငံသားအများစု အလုပ်လုပ်တယ်လို့ ယူဆတဲ့ စိုက်ပျိုးရေးခြံတွေထဲကို ဝင်ဖမ်းတာ။ တစ်ရက်ကို အနည်းဆုံး နှစ်ဆယ် သုံးဆယ်တော့ အဖမ်းခံရတယ်။ နောက်ပြီး မြန်မာဘက်က သင်္ကြန်အချိန် နီးလာလို့ ဖမ်းနေကျအတိုင်း ဖမ်းတာလို့လည်း ပြောတယ်”
ဖမ်းဆီးရမိသူတွေကို တရုတ်ရဲတပ်ဖွဲ့က ရွှေလီမြို့က အကျဥ်းထောင်တွေကိုပို့ပြီး ပြစ်မှုအလိုက် ပြစ်ဒဏ်တွေချပြီး လွတ်ရက်စေ့သူတွေကိုတော့ မူဆယ်နယ်စပ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတယ်လို့ ရွှေလီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
“ပွဲစားအချိတ်အဆက်နဲ့ လာကြတာ။ ခိုးလမ်းက လာရင်တော့ အလုပ်ကောင်းကောင်းမရဘူး။ လစာပေးချိန်ရောက်ရင် ရဲတွေ ရောက်လာပြီ။ အခု အဲဒီလိုတွေ ဖြစ်နေတာ။ တချို့ မြန်မာနိုင်ငံသားတွေကျတော့ ငွေကြိုယူထားပြီး မလုပ်နိုင်တော့ မှတ်ပုံတင်တွေထားပြီး ထွက်သွားကြတာတွေလည်း ရှိတယ်။ ဘာအထောက်အထားမှမပါတော့ အဖမ်းခံရတယ်”
ဒီလိုပြန်ပို့ခံရတဲ့သူတွေအနေနဲ့ အနည်းဆုံး သုံးနှစ် ပြည်ဝင်ခွင့် ကန့်သတ်ခံရသလို အခုရက်ပိုင်းမှာပဲ မူဆယ်နယ်စပ်ဂိတ်ကနေ ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား အနည်းဆုံး တစ်ရာကျော်ရှိတယ်လို့ မူဆယ်မြို့ခံတချို့က ပြောပါတယ်။
ဒေသခံတွေနဲ့ အလုပ်သမားတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်မဖြေဆိုပါဘူး။
တရုတ်-မြန်မာ နယ်စပ်ဖြတ်သန်းခွင့်အတွက် ခြောက်ညအိပ် ခုနစ်ရက် သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေကို နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးနေပေမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေကို အသုံးပြုပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ကြသလို တရားမဝင် ဝင်ပေါက်တွေကနေ ဝင်ရောက်သူတွေလည်း ရှိနေတာဖြစ်ပါတယ်။
ရွှေ့ပြောင်းအလုပ်သမားအရေး အကူအညီပေးနေသူတွေကတော့ မြန်မာလုပ်သားတွေဟာ တိတိကျကျ မချိတ်ဆက်နိုင်ဘဲ တရုတ်နယ်စပ်ကို မလာကြဖို့ တိုက်တွန်းနေကြပါတယ်။