စက်တင်ဘာလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား လေးရာကျော် ပြန်ပို့ခံရ
2024.10.07

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၄၀၅ ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေမှာ ပြန်လည်လက်ခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း ပြန်ပို့ခံရတဲ့ အရေအတွက်ဖြစ်ပြီး အမျိုးသား ၃၃၂ ဦးနဲ့ အမျိုးသမီး ၇၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းကာလအတွင်း ပြည်တွင်းက စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံထဲ နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးခိုလှုံသူတွေ များလာနေပြီး ထိုင်းအာဏာပိုင်တွေကလည်း အထောက်အထားမဲ့ နေထိုင်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ရှိနေတာပါ။
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲ ပြန်ပို့တာမျိုးမလုပ်ဘဲ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးသင့်ကြောင်း ရန်ကုန်တိုင်း အလုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်က ပြောပါတယ်။
“ကိုယ့်အိမ်နီးချင်းနိုင်ငံသားတွေ အသက်အန္တရာယ်နဲ့ ကြုံနေရတဲ့အချိန်မှာ ထိုင်းအစိုးရအနေနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးဖို့လိုတယ်။ တရားဝင်အောင် ဘယ်လိုလုပ်လို့ရမလဲ ဆိုတဲ့နည်းလမ်းကို သူတို့ဖြေလျော့ဖို့ လိုတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ စီမံချက်နဲ့ကို လိုက်ပြီးဖမ်းစီးပြီးတော့မှ စကစဆီ ပြန်ပေးတာမျိုးကိုတော့ ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့အသက်တွေကို သိသိကြီးနဲ့ သေစေနိုင်တဲ့နေရာကို တွန်းပို့သလို ဖြစ်နေတယ်”
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကတော့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်းမှာ ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဥ်တွေ ရေးဆွဲအတည်ပြုပေးဖို့အတွက် ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။
ထိုင်းအစိုးရရဲ့ နိုင်ငံတွင်း တရားမဝင် အလုပ်သမား ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂ဝ စီမံကိန်းအတွင်း မြန်မာအလုပ်သမား နှစ်သိန်းတစ်သောင်းနီးပါး (၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။