သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ
2014.05.26
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Research and Markets ခေါ် ဈေးကွက်သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အမေရိကန် နဲ့ အီးယူတို့ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးမှုနဲ့အတူ စီးပွားရေးအရှိန်အဟုန် တိုးတက်လာခဲ့ကြောင်း၊ သဘာဝသယံဇာတ ကြွယ်ဝတဲ့အပြင် ကမ္ဘာ့ ရှေးအကျဆုံး ရေနံတူးဖေါ်ခဲ့တဲ့နေရာလည်းဖြစ်၊ မတူးဖေါ်ရ သေးတဲ့ဓါတ်သတ္တုတွေ အများ အပြား ရှိနေတဲ့ဒေသလည်းဖြစ်ကြောင်း၊ ဒါပေမဲ့ လူမျိုးစုပြဿနာ နဲ့ ဘာသာရေး ပဋိပက္ခတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေ လည်းရှိနေကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွား လုပ်ငန်း၊ အိမ်ခြံမြေ နဲ့တည်ဆောက်ရေးလုပ်ငန်း၊ စက်မှု နဲ့အသေးစားလုပ်ငန်း စတဲ့ ကဏ္ဍတွေ နဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေ တင်ပြထားပါတယ်
ဒီအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ MAP ခေါ် သုတေသနအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက်မှာသာ ရှိတယ်လို့ ဖေါ်ပြပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့် အလွန်နိမ့်ကျနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက် ဟာ ငွေသားအပေါ်အလွန်အမင်းမှီခို နေတာကြောင့်၊ စီးပွားရေး လုပ်ကိုင်ဖို့ စရိတ်ကြီးမြင့်နေရကြောင်း၊ ဘဏ် လုပ်ငန်းတွေမှာ စာရွက်စာတမ်းတွေ အများအပြားလိုအပ်နေတာ၊ ငွေချေးငှားနိုင်ဖို့ အတားအဆီးတွေ၊ စည်းမျဉ်း စည်းကမ်းတွေ များပြားလှတာကြောင့် ဈေးကွက်တွေ ပေါ်ပေါက်လာဖို့ ခက်ခဲနေကြောင်း ဖေါ်ပြထားပါတယ်။