ပြည်ပအလုပ်သမားစေလွှတ်မဲ့ အရေအတွက် စစ်ကောင်စီ ကန့်သတ်

RFA Burmese
2025.03.19
ပြည်ပအလုပ်သမားစေလွှတ်မဲ့ အရေအတွက် စစ်ကောင်စီ ကန့်သတ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) မှတ်ပုံတင်ကြေး လာရောက်ပေးသွင်းသူများအား ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပင်လုံခန်းမရှေ့တွင် တွေ့ရစဉ်။
Photo: RFA

ပြည်ပမှာ အလုပ်လုပ်ဖို့ ခွင့်ပြုချက်ရပြီးသူ အားလုံးကို စေလွှတ်ပြီးမှသာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက တင်ပြမဲ့ နောက်ထပ် အလုပ်ခေါ်စာအသစ် (Demand Letter) ကို လက်ခံမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားလာကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက မတ်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) က တစ်ဆင့် အကြောင်းကြားလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြည်ပထွက်မဲ့ အလုပ်သမားတွေကို အသက်အရွယ် ကန့်သတ်ပြီးနောက် အရေအတွက်ကိုပါ ကန့်သတ်သတ်လာတာလို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ပြောရရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ နေ့မတိုင်ခင်က ထိုင်းနိုင်ငံအတွက် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုထားပြီးသား အလုပ်သမားတွေနဲ့ တခြားနိုင်ငံတွေကိုသွားမဲ့ အလုပ်သမားတွေတွက် တင်ပြထားတာတွေကို စေလွှတ်ပေးတော့မယ်။ အဲဒါပြီးတော့မှပဲ စောစောကပြောတဲ့ အလုပ်ခေါ်စာသစ် (Demand Letter) တင်ပြတာတွေကို ခွင့်ပြုသွားမှာတဲ့။ အထပ်ထပ် ကန့်သတ်လိုက်တဲ့ အသိပေးစာမျိုးပေါ့ဗျာ”

အလုပ်ခေါ်စာအသစ် ပြန်လည်တင်ပြခွင့်ရမဲ့ နေ့ရက်နဲ့ ဇန်နဝါရီလ ၃၀ ရက်နောက်ပိုင်း တင်ပြထားပြီးသားဖြစ်တဲ့ အလုပ်ခေါ်စာတွေကိုလည်း အလုပ်အကိုင် အေဂျင်စီအလိုက် စေလွှတ်ခွင့်ရမဲ့ အရေအတွက်ကို ထပ်မံအကြောင်းကြားပေးမယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ချုပ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) ရဖို့ စောင့်ဆိုင်းနေရတဲ့ အလုပ်သမား ခြောက်သောင်းကျော်ရှိတယ်လို့ ပြည်တွင်းမီဒီယာတချို့ ဖော်ပြကြပြီး ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာ ပြည်ပထွက် အလုပ်လုပ်ခွင့်အတွက် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် အမျိုးသားတွေကို ကန့်သတ်ထားပြီး အမျိုးသမီးနဲ့ စစ်မှုထမ်း အကျုံးမဝင်ဘဲ အသက်ကျော်တဲ့ အမျိုးသားအလုပ်သမားတွေကို သွားခွင့်ပြုထားတာလို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပမှာ အလုပ်သွားလုပ်မဲ့သူတွေကို တင်းကျပ်တဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်လာပြီး လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲဖို့အတွက်လည်း စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။