ပြန်ပို့ငွေ မတင်ပြနိုင်တဲ့ အေဂျင်စီ လေးဆယ်နီးပါးကို အရေးယူဖို့ စစ်ကောင်စီ ပြင်ဆင်

RFA Burmese
2025.03.08
ပြန်ပို့ငွေ မတင်ပြနိုင်တဲ့ အေဂျင်စီ လေးဆယ်နီးပါးကို အရေးယူဖို့ စစ်ကောင်စီ ပြင်ဆင် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြမည့် မြန်မာအလုပ်သမားများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ Migrant Times

ပြည်ပရောက် အလုပ်သမားတွေထံကနေ ပြန်ပို့ငွေ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၃၉ ခုကို မတ်လ ၁၀ ရက်နေ့မှာ နောက်ဆုံးထားပြီး မတင်ပြနိုင်ရင် အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့်ကို ဆိုင်းငံ့ပြီးဒဏ်ကြေးပါ ပေးဆောင်ရမှာဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကလဲ အလုပ်သမားတွေရဲ့ ပြန်ပို့ငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီ ၁၄၆ ခုကို စစ်ကောင်စီတပ်က ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားစေလွှတ်တဲ့အပေါ် မူဝါဒမျိုးစုံပြောင်းလဲနေတာကြောင့် အခက်အခဲတွေ တွေ့နေရတယ်လို့ ပြောပါတယ်။

"စစ်တပ်အာဏာသိမ်းပြီးကတည်းက အေဂျင်စီတွေ အကုန်လုံးနီးပါးက အဆင်မပြေတော့တာဗျ။ အလုပ်သမားဝန်ကြီးတွေ အသစ်ပြောင်းလဲလာတိုင်းလည်း မူဝါဒတွေက ပြောင်းတယ်။ တစ်ယောက်တစ်မူလိုကို ဖြစ်နေတာ၊ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာလည်း အခုလိုပဲ ပြည်ပထွက်သွားတဲ့ အလုပ်သမားတွေက ငွေမပို့လို့ဆိုပြီး အေဂျင်စီ တစ်ရာကျော် အရေးယူခံလိုက်ရသေးတယ်၊ အပြင်ဘက်ရောက်သွားတဲ့ အလုပ်သမားတွေ အဆင်မပြေရင်သာ သူတို့ (စစ်ကောင်စီ) က လိုက်လုပ်မပေးတာ၊ အပြင်ဘက်က အလုပ်သမားတွေ ချွေးနဲ့၊ သွေးနဲ့ရှာထားတဲ့ ငွေတွေကြလိုချင်တယ်၊ အဆင်မပြေပါဘူးဗျာ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း စစ်ကောင်စီကို အခွန်မဆောင်တဲ့အတွက် ပြည်ပအလုပ်အကိုင် အေဂျင်စီ တစ်ရာကျော် ၁၂၃ ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုင်းငံ့ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ၂၅ ရာခိုင်နှုန်းကို တစ်လချင်း ဒါမှမဟုတ် သုံးလ တစ်ကြိမ် တရားဝင် ဘဏ်စနစ်ကတစ်ဆင့် လွှဲပို့ဖို့ ညွှန်ကြားထားပြီး မလိုက်နာရင် အဲဒီအလုပ်သမားကို နောက်တစ်ကြိမ် ပြည်ပထွက်ခွင့် သုံးနှစ် ပိတ်မယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းနဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။