တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့်ရဖို့ မူဆယ်မှာ လူထောင်ချီ စောင့်ဆိုင်းနေ
2025.01.24

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို အလုပ်သွားလုပ်ဖို့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လနဲ့ချီပြီး စောင့်ဆိုင်းနေရတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက RFA ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
သူတို့ဟာ ပွဲစားတွေက တစ်ဆင့် တရုတ်နိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ဖို့ မူဆယ်ကို ရောက်လာပေမဲ့ ငါးလခန့်ကြာတဲ့အထိ အလုပ်မရသေးဘဲ မူဆယ်မှာ ပိတ်မိနေတာလို့ တရုတ်ဘက်ကို အလုပ်သွားမဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီမှာရောက်တာ ငါးလလောက်ရှိပြီ။ ဝင်ရမယ်၊ မဝင်ရဘူးဆိုတာ အတိအကျလည်း မပြောဘူး။ ပွဲစားတွေကို သွားမေးလည်း မသိဘူးဘဲ ပြောတယ်။ အခက်အခဲတွေလည်း အများကြီးပဲ။ အကြွေးလည်း တရုတ်ငွေ ငါးထောင် (ကျပ် ၃၀ သိန်းကျော်) ဝန်းကျင် ရှိသွားပြီ။ ပြန်မယ်ဆိုရင် လျော်ကြေးပေးပြီးပြန်ရမှာ"
စောင့်ဆိုင်းနေတဲ့ ဒေသအသီသီးက မြန်မာနိုင်ငံသား ငါးထောင်ခန့်ရှိတယ်လို့ဆိုပေမဲ့ RFA က ဒီအရေအတွက်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
သူတို့ကို အလုပ်ရှာပွဲစားတွေက မူဆယ်မြို့မှာရှိတဲ့ အဆောင်တွေမှာထားပြီး တစ်ရက်ကို နေစရိတ်၊ စားစရိတ်အဖြစ် တရုတ်ငွေ ယွမ် ၃၀ (ကျပ် ၁၈,၀၀၀) ယူတာကြောင့် လနဲ့ချီ ကြာတဲ့သူတွေအတွက် တရုတ်ယွမ်ငွေ ထောင်နဲ့ချီ အကြွေးတင်နေကြပြီလို့ ကိုယ်တိုင်ကြုံနေသူတွေက ပြောပါတယ်။
မှတ်ပုံတင်တွေကို အလုပ်ရှာပွဲစားတွေက သိမ်းထားပြီး အကြွေးလျော်ကြေးပေးမှ ပြန်ခွင့်ရတဲ့အတွက် အဆင်မပြေကြဘူးလို့ ဆိုပါတယ်။
အမည်မဖော်လိုသူ မူဆယ်မြို့က ကုန်သည်တစ်ဦးကလည်း တရုတ်ကို အလုပ်သွားဖို့ မူဆယ်မြို့က သိန်းသန်းချီ ကားကွင်းထဲက အဆောင်တွေမှာ ပိတ်မိနေတဲ့သူတွေ တော်တော်များများရှိနေတယ်လို့ RFA ကို ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘယ်လိုကူညီဆောင်ရွက်ပေးမလဲဆိုတာ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသား ငါးရာကျော် မူဆယ်မြို့မှာ ပိတ်လှောင်ခံထားရပြီး အခက်အခဲကြုံနေရတာကြောင့် လူငယ်၊ လူလတ်တွေ အထူးသတိပြုဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးမှုရှိနေပြီး ပြီးခဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲက မြန်မာနိုင်ငံသား ငါးဆယ်ခန့် ဖမ်းဆီးခံထားရတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။