အလုပ်သမားတွေအတွက် အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ မြန်မာပါဝင်နေ

2021.08.16
အလုပ်သမားတွေအတွက် အဆိုးရွားဆုံး ၁၀ နိုင်ငံထဲ မြန်မာပါဝင်နေ ရန်ကုန်မြို့အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ အလုပ်သမားတွေအတွက် အဆိုးရွားဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ အညွှန်းကိန်းမှာ သတ်မှတ် ခံထားရပါတယ်။

၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်းအရ အလုပ်သမားတွေအတွက် အဆိုးရွားဆုံး ၁၀ နိုင်ငံ စာရင်းမှာ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရု၊ ကိုလန်ဘီယာ၊ အီဂျစ်၊ ဟွန်ဒူးရက်၊ ဖိလစ်ပိုင်၊ တူရကီ၊ ဇင်ဘာဘွေတို့နဲ့ အတူ မြန်မာနိုင်ငံပါ ပါဝင်လာတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီက ဆန္ဒပြသူတွေကို ဖိနှိပ်တာ၊ မတရားသဖြင့် ဖမ်းဆီးတာ၊ ဥပဒေနဲ့ ဖိနှိပ်တာတွေကြောင့် မြန်မာနိုင်ငံဟာ အလုပ်သမားတွေအတွက် အဆိုးရွားဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ အညွှန်းကိန်း မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ အညွှန်းကိန်းအရ အဆင့် ၅ + သတ်မှတ်ခံထားရပြီး အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် အာမခံချက်လုံးဝမရှိတဲ့ နိုင်ငံ ကိုးနိုင်ငံ စာရင်းမှာလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ပြောရေးဆိုခွင့်တွေကို ဖိနှိပ်ပိတ်ပင်မယ့် ဆိုက်ဘာဥပဒေကိုလည်း ဖေဖော်ဝါရီလက စလို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ယန္တယားတွေ ရပ်တန့်စေဖို့ အလုပ်သမားအဖွဲ့တွေက အာဏာဖီဆန်ရေး CDM လုပ်ဖို့ ကြိုးစား ခဲ့ကြပြီး အဲဒီထဲမှာ ဘဏ်ဝန်ထမ်းနဲ့ မီးရထားဝန်ထမ်းတွေက အများဆုံးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို မီးရထားဝန်ထမ်းတွေရဲ့ နေအိမ်လိုင်းခန်းတွေအနားမှာ ညအချိန် လှည့်လည်ပြီး အော်ဟစ်တာ၊ သေနတ် နဲ့ ပစ်ခတ်တာတွေဟာလည်း ဒုတိယအကြီးဆုံးမြို့တော်လို့ ပြောလို့ရတဲ့ မန္တလေးမြို့မှာ ဖြစ်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ အညွှန်းကိန်းမှာ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် တွေဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ ဂွါတာမာလာ နိုင်ငံတို့မှာ သတ်ဖြတ်ခံရမှု တွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။