မိုးမောက်က ဧဒင်ဒုက္ခသည်စခန်း ပစ်ခတ်ခံရလို့ အခန်းပေါင်း ၆၀ ပျက်စီး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲက ဧဒင်စစ်ဘေးဒုက္ခသည် စခန်းဟာ နိုဝင်ဘာ ၂၈ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခံရလို့ စခန်းထဲက အိမ်ခန်း ပေါင်း ၆၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ခမရ ၄၃၇ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာခန့် လမ်းလျှောက်ချီတက်လာစဉ် စစ်ဘေးဒုက္ခသည် စခန်းအနီး မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဘေးဒုက္ခသည် စခန်းဘက်ဆီ ပစ်ခတ် တာခံခဲ့ရတာလို့ စခန်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“သေနတ်နဲ့ပစ်ထည့်တာ သွပ်မိုးတွေ တော်တော်ထိသွားတယ်။ အခန်းပေါင်း ၆၀ လောက် ထိသွားတယ်။ မိုင်းကွဲတဲ့ မိုင်းစလည်းကျတယ်။ စခန်းက လူငယ်တစ်ယောက်ကိုလည်း မိုင်းစထိတယ်”
မနေ့က အဲဒီနေရာမှာ မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခံရပြီး ညနေလောက်မှာ ပြန်လွတ်လာတယ်လို့လည်း ပြောပါတယ်။
အဲဒီလမ်းပေါ်မှာ ထောင်ထားတဲ့မိုင်းဟာ ဘယ်သူတွေထောင်ထားတယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
အဲဒီဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည် ဦးရေ ၅၀၀ လောက်နေထိုင်ကြပြီး အခန်းပေါင်း ၇၀ လောက် ရှိရာမှာ အခန်း ၆၀ လောက်က ခေါင်မိုးတွေ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။