ရေမြက်ရွာစီးနင်းခံရပြီးနောက် သေဆုံးသူ ငါးဦး အလောင်းတွေ့၊ အိမ် ၆၂ လုံးမီးရှို့ခံရ

2021.12.23
ရေမြက်ရွာစီးနင်းခံရပြီးနောက် သေဆုံးသူ ငါးဦး အလောင်းတွေ့၊ အိမ် ၆၂ လုံးမီးရှို့ခံရ စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရေမြက်ရွာက နေအိမ်တွေကို တွေ့ရစဉ်
Photo: RFA

လေကြောင်းကနေ ပစ်ခတ်ခံရတဲ့အပြင် နှစ်ကြိမ် မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရေမြက်ရွာမှာ အလောင်း ငါးလောင်း တွေ့ခဲ့ရပြီး နေအိမ် ၆၂ လုံး အပါအဝင် ကားနှစ်စီးနဲ့ မော်တော်ဆိုင်ကယ် အစီး (၃၀) ကျော် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ရွာကို ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်း မှာ စစ်ကောင်စီတပ်သားတွေ ရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာလည်း နောက် တစ်ကြိမ် မီးထပ်ရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ကတည်းက ရွာသားတွေအားလုံး ထွက်ပြေးခဲ့ရပြီး ရွာထဲမှာ တပ်စွဲထားတဲ့ စစ်သားတွေ ဒီနေ့ အပြင်ကို စစ်ကြောင်းထွက်ချိန် ဒေသခံတချို့ ရွာထဲကို ခဏပြန်လာကြည့်ရာမှာ အခုလို သေဆုံးနေသူ တွေနဲ့ မီးရှို့ခံထားရတာတွေကို တွေ့ခဲ့တာလို့ ကိုယ်တိုင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးနေသူတွေဟာ သေနတ်ဒဏ်ရာတွေအပြင် မီးလောင်ခံထားရတာတွေပါ တွေ့ရပေမယ့် စစ်ကောင်စီ တပ်သားတွေ ပြန်ဝင်လာလို့ သေချာမကြည့်ခဲ့ရတာကြောင့် ဘယ်သူဘယ်ဝါတွေဆိုတာ တိတိကျကျ မသိရဘူးလို့လည်း ဆိုပါတယ်။

စစ်တပ်က ရေမြက်ရွာကို ဝင်ရောက်စီးနင်းတာကြောင့် ရေမြက်ရွာအပါအဝင် ဂွက်ရွာ၊ ခေါစပ်ကုန်း၊ နတ်ကြီးကုန်း၊ ဥယျာဉ်၊ ရွှေကျင်မှော်၊ နေပူကုန်း၊ မြင်းမြေ စတဲ့ ရွာတွေက ဒေသခံ ၃၀၀၀ ကျော် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ရွာထဲကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း ပစ်ခတ်တဲ့နေ့မှာလည်း ဒေသခံ ဒေါ်သန်းမိုး၊ ဒေါ်စန္ဒာနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ ရေမြက်ရွာကို ရောက်နေတဲ့ KIA အဖွဲ့၊ NLD ပါတီ ဝင်တွေနဲ့ PDF တွေ အင်အား ၁၀၀ လောက်က အစည်းအဝေး လုပ်နေချိန် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လေးယောက်ကို အသေဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။