လွိုင်ကော်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရှစ်ဦး အသတ်ခံရ

2022.01.28
လွိုင်ကော်မှာ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် ရှစ်ဦး အသတ်ခံရ ထူဒူငံသရွာမှာ စစ်တပ်က သတ်ဖြတ်ထားတဲ့ သားအမိနှစ်ဦးရဲ့ ရုပ်အလောင်းကို ၂၀၂၂ ဇန်နဝါရီ ၂၈ ရက်နေ့က လူမှုကူညီရေးအသင်း သယ်ဆောင်လာစဥ်
ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ရေယိုကျေးရွာက အိမ်သာကျင်းတစ်ကျင်းထဲမှာ ရုပ် အလောင်း ခြောက်လောင်း  ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ခဲ့ရပြီး ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် နေ့မှာလည်း လွိုင်ကော်မြို့နယ် ထူဒူငံသရွာမှာ သားအမိနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ထပ်တွေ့ရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ရေယိုကျေးရွာက အသတ်ခံရသူတွေထဲ  အသက်မပြည့်သေးတဲ့ ကလေး လေးဦး ပါဝင်ပါတယ်။  အသက် ၁၇ နှစ် အရွယ်တွေဖြစ်ကြတဲ့ မောင်ယူဂျင်း၊ မောင်ဖီဒေးလယ်၊ မောင်ဒေးဗစ်ကျော်စိုး (ခ) ကျော်ကျော် နဲ့ အသက် ၁၆ နှစ်သာရှိသေးတဲ့ မောင်ဂျွန်ပေါလ် တို့ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ရုပ်အလောင်းကို ကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့သူတွေက ပြောပါတယ်။

ကျန်သေဆုံးသူ နှစ်ယောက်ကတော့ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်မှာ နေထိုင် သူတွေဖြစ်ပြီး အသက်အရွယ်နဲ့ အမည်အတိအကျသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ရေယိုကျေးရွာက အလောင်းတွေမှာ  နှိပ်စက်ညှဥ်းပန်းခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေ အပြင် ကျည်ဆံရာနဲ့  ဓားဒဏ်ရာတွေ တွေ့ရတယ်လို့ ရုပ်အလောင်းတွေကို ကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ ထိုးကြိတ်တာတို့ ရှိတယ်ထင်တယ်။ မျက်နှာမှာလည်း ဖောင်းကိုင်းပြီးတော့ တွေ့ရတယ်ဗျ။ နောက်ပြီး ဗိုက်တွေမှာ သေနတ်နဲ့ ထိထားတာလား၊ ဓါးနဲ့ ထိုးထားတာ လားတော့ မသိဘူး မသဲကွဲဘူးဗျ။ အများစုက ဗိုက်နားမှာ ဒဏ်ရာတွေ့တယ်။ ပြီးတော့ တစ်ယောက်ကိုတော့ ကျောကုန်းပေါ်မှာ တွေ့တယ်ဗျ သေနတ်ကျည်ဆန်အရာနဲ့"

သေဆုံးသွားသူ မောင်ယူဂျင်းရဲ့ အဒေါ်က သူ့တူလေးဟာ စစ်ရှောင်စခန်းကနေ သူငယ်ချင်းတွေနဲ့အတူ ပြန်လာပြီး ရေယိုကျေးရွာက နေအိမ်မှာပဲ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စစ်သားတွေက ရုတ်တရက် ဖမ်းဆီးတာကို ခံလိုက်ရတာလို့ RFA ကို ပြောပါတယ်။

"၂၅ ရက်နေ့ အိမ်ပေါ်ကို နာရီကျော်ကျော်လောက်မှာ ရောက်လာတယ်။ ကလေး တွေက အေးတော့ ကွေးကောင်းနေတယ်။ စစ်ခွေးတွေက အိမ်ပေါ်ရောက်တဲ့အချိန်မှာ သူ့အစ်ကိုဝမ်းကွဲကို ညီတို့အိမ်မှာ စစ်ခွေးတွေ ရောက်နေပြီ သူ့အစ်ကိုကို ဖုန်းလမ်း ထိုးလိုက်တဲ့အချိန်မှာ ဖုန်းကျသွားတာလေ။ စစ်သားတွေကလေ သိလား အစ်မတို့ အိမ်မှာ ထမင်းစားသွားချက်သွားလုပ်တာ။ မမတို့ တူလေးတွေကိုလည်း အဲလို လုပ်သွားတယ်။ အိမ်ဘေးက လူက တွေ့သွားတာ အိမ်မှာဘာတွေ မေးမြန်းဦးမယ်မှန်း မသိတာ။ အဲတော့ အဒေါ်ကြီးတစ်ယောက်က လှမ်းမြင်တယ်တဲ့ သုံးယောက် ကြိုးချည် သွားတာတဲ့ ဆိုပြီးတော့လေး

အသက် ၁၇ နှစ်အရွယ် မောင်ယူဂျင်းဟာ တစ်ဦးတည်းသောသားဖြစ်ပြီး သူ့ရဲ့ဖခင်က လည်း မကြာသေးခင်ကမှ ရောဂါတစ်ခုနဲ့ ကွယ်လွန်ခဲ့တာမို့ မိသားစုအားလုံး စိတ် ထိခိုက်နေကြတယ်လို့ အဒေါ်ဖြစ်သူက ဆိုပါတယ်။

"စစ်သားတွေကလေ အစ်မတို့ အိမ်မှာ ထမင်းစားသွားချက်သွားလုပ်တာ။ မမတို့ တူလေးတွေကိုလည်း အဲလို လုပ်သွားတယ်။"

စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါတွေက စွပ်စွဲချက်တွေပဲလို့ တုံ့ပြန်ပါတယ်။

ဒီလိုမျိုးတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ အမြဲတမ်းလည်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာတွေရှိပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ ခက်နေတာက အရပ်ဝတ်နဲ့ ဆောင်ရွက်တာပေါ့နော်။ အရပ်ဝတ်နဲ့ လူထုကို အကာအကွယ်ယူပြီး PDF အမည်ခံ အကြမ်းဖက်သမားတွေက ဆောင်ရွက်တာတွေရှိတယ်။ ကျွန်တော်တို့ပြောသလို တစ်ခုခုနိုင်သွားရင်တော့ သူတို့လုပ်တာပေါ့။ ရှုံးသွားရင်တော့လည်း အရပ်သားတွေကို ပစ်ပါတယ်ဆိုပြီး စွပ်စွဲချက်တွေက ရှိနေတာဖြစ်ပါတယ်

ထူဒူငံသရွာမှာ ဒီကနေ့တွေ့ရတဲ့ သားအမိနှစ်ဦးကတော့ အသက် (၂၃)နှစ်အရွယ် စောဒါးထူးနဲ့ အသက် (၆၃)နှစ်အရွယ် မိခင် ဒေါ်မူတ တို့ဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်း တွေကို ကျေးရွာလူမှုကူညီရေးအသင်းက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီသားအမိ နှစ်ဦး ဘာကြာင့် သေဆုံးရသလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ဇန်နဝါရီ ၈ ရက်ကစလို့ စစ်တပ်နဲ့ ကရင်နီ PDF တပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်နေတာကြောင့် စစ် ကောင်စီတပ်တွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေလေ့ရှိတယ်လို့ KNDF တာဝန်ရှိသူတွေက ပြော ပါတယ်။

(လွိုင်ကော်မြို့နယ် ရေယိုကျေးရွာမှာ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ လူငယ်ခြောက်ယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိရာ အိမ်သာကျင်းကို ၂၀၂၂ ဇန်နဝါရီ ၂၇ ရက်က တွေ့ရှိခဲ့စဥ်)  ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း
(လွိုင်ကော်မြို့နယ် ရေယိုကျေးရွာမှာ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ လူငယ်ခြောက်ယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိရာ အိမ်သာကျင်းကို ၂၀၂၂ ဇန်နဝါရီ ၂၇ ရက်က တွေ့ရှိခဲ့စဥ်) ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း

အခုတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က စစ်ကြောင်းထိုးချိန် အသတ်ခံရသူတွေ ဖြစ်နိုင်တယ်လို့ KNDF ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲကတော့ အကြီးအကျယ်မရှိဘူး။ အရင်တစ်ရက်တုန်းက အဲဒီမှုံပြာကန်ရွာ ဘက်မှာ မှုံပြာရွာဘက်ဆိုတာ အခု ရေယိုတို့ နာနတ်တောတို့ အလောင်းတွေ့တဲ့ နေရာနဲ့တော့ လှမ်းတယ်၊ ဝေးတယ်။ စစ်ကောင်စီကတော့ အဲဒီအလောင်းတွေ့တဲ့ ရေယိုတို့ နာနတ်တောတို့ ဘက်ပိုပြီးတော့ လွန်ခဲ့တဲ့ရက်တွေက စစ်ကြောင်းထိုး တဲ့အချိန်မှာ သတ်ခဲ့တာ ဖြစ်နိုင်တာပေါ့နော်"

ကရင်နီလူ့အခွင့်အရေးအဖွဲ့ကတော့ အခု ဇန်နဝါရီလ တစ်လတည်းမှာတင် ကယား ပြည်နယ်မှာ အရပ်သား ၁၂ ဦး အသတ်ခံရပြီး၊  လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ကလည်း ဖေဖော်ဝါရီ ၁ ရက်ကနေ ဇန်နဝါရီ ၂၀ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်နီးပါးကာလအတွင်း လွိုင်ကော်၊ ဖရူဆိုနဲ့ ဒီးမော့ဆို မြို့နယ် အပါအဝင် ကယားပြည်နယ် တပြည်နယ်လုံးမှာ အရပ်သား ၁၉၈ ဦး သေဆုံးခဲ့ ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက  သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-01-28 09:08

မင်းတို့သားသမိးတွေမဟုတ်သေးတော့စွပ်စွဲချက်ပေါ့