စစ်ကောင်စီကြောင့် တစ်ပတ်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်
2022.05.02

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီကြောင့် လူ ၂၄ ဦး သေဆုံး ခဲ့ရသလို ၃၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ ဧပြီလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး သတ်ဖြတ် ဖမ်းဆီးမှုတွေ အပြင် မီးရှို့ခံရတဲ့ ရွာပေါင်း ၃၄ ရွာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရွာတွေမီးရှို့ခံရတာ၊ သတ်ဖြတ်ခံရတာနဲ့ ဖမ်းဆီးမှုတွေဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းကတော့ ဖြစ်စဉ်အများဆုံးကြုံခဲ့ရတဲ့ ဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် ညနေပိုင်းအထိ အကြောင်း မပြန်ပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နဲ့ မကွေးတိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင် PDF ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက်စီးနင်းခံရတဲ့ ကျေးရွာတွေဟာ မီးရှို့ ဖျက်ဆီးခံရတာ၊ ဒေသခံရွာသားတွေ သတ်ဖြတ်ခံရတာတွေကို အများဆုံး ကြုံတွေ့နေရတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ပြောဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေမှာတော့ အာဏာသိမ်း တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ရင်း သေဆုံး ခဲ့ရသူ ၁၈၀၃ ဦးရှိပြီလို့ ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။