ဖလမ်းမြို့ တားလ်ရွာက နေအိမ် ၁၁ လုံးကို စစ်တပ် မီးထပ်ရှို့
ချင်းပြည်နယ်(မြောက်ပိုင်း)၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့အကြား လမ်းမကြီးဘေးမှာရှိတဲ့ တားလ်ရွာက လူနေအိမ် ၁၁ လုံးကို အောက်တိုဘာ ၂၅ ရက်နေ့ ဒီနေ့ မနက် ၇ နာရီခန့်မှာ စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့တယ်လို့ ကိုယ်တိုင်မြင် ခဲ့ရတဲ့ တားလ်ရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ဟားခါးမြို့ကနေ မနေ့က စစ်ကား ၅၀ ခန့်နဲ့လာတဲ့ အင်အား ၂၀၀ လောက်ဟာ ဖလမ်းမြို့နယ် တားလ်ရွာက ဘုရား ကျောင်းမှာ ညအိပ်ကာ ဒီမနက်ပိုင်းမှာတော့ လူနေအိမ် ၁၁ လုံးကို မီးရှို့ထားခဲ့ပြီး ဖလမ်းဘက် ဆက်ထွက်သွားကြ တယ်လို့ ဒေသခံက ပြောပါတယ်။
“ရွာကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာပြီးမှ ကျနော်တို့ရွာကို အပြေးပြန်သွားတာ နေအိမ်သုံးလုံးကိုတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ အိမ်ရှစ်လုံးကတော့ ပြာကျသွားတယ်” လို့ တားလ်ရွာမှာရှိတဲ့ ခရစ်ယာန် ဘာသာရေး ဆရာတစ်ဦးက RFA ကို ပြောပါတယ်။
လူနေအိမ်တွေအပြင် မွေးမြူထားတဲ့ ကြက်၊ ၀က်၊ ဆိတ်တွေကိုပါ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်နိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း တားလ်ရွာက နေအိမ်သုံးလုံး၊ ရီရယ်သီးရွာက ခရစ်ယာန် ဘုရားကျောင်းနဲ့ နေအိမ် ၁၂ လုံး၊ အောက်တိုဘာ ၁၄ ရက်နေ့မှာ တလန်ရောန်ရွာက နေအိမ် ၁၂ လုံး စတာတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။