လွိုင်ကော် ဘာဒိုရွာထဲ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံး

2021.12.24
လွိုင်ကော် ဘာဒိုရွာထဲ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံး ကယားပြည်နယ် လွိုင်ကော်မြို့ ဘာဒိုရွာနဲ့ ထေးငှါးလျားရွာက စစ်အာဏာရှင်ကို မလိုလားသူတွေ စုပေါင်းပြီး ၂၀၂၁ မေလ ၁၁ ရက်က ဆန္ဒပြစဉ်
Photo: Justic for Karenni

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်က ဘာဒိုရွာထဲကို စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားခဲ့ရတယ်လို့ RFA ကိုပြောပါတယ်။

“မနက် ၉ နာရီလောက်ကတည်းက ဘာဒိုရွာထဲကို လက်နက်ကြီးနဲ့ အချက်မနည်းဘူးပစ်နေတာ။ ရွာထဲကို စစ်တပ်ဝင်တာဖြစ်မယ်။ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး အပြန်အလှန်ပစ်တာလည်း မကြားရဘူး။ တစ်ဦးသေတယ်”

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက်ပိုင်း အင်အားအလုံးအရင်းနဲ့ ဘာဒိုရွာထဲကို ဝင်ရောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တဲ့အထဲက အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဘာဒိုရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ကိစ္စအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။