ကိုးရက်အတွင်း ကိုဗစ်လူနာ ကုသနေတဲ့ ဆရာဝန် ၁၂ ဦး ဖမ်းဆီးခံရ
2021.07.22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် လူသေဆုံးမှု မြင့်တက်နေသလို တစ်ဘက်မှာလည်း ကိုဗစ်လူနာတွေကို မြေပြင်ဆင်းပြီး အခမဲ့ကူညီကုသပေးနေတဲ့ ပရဟိတကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေလုပ်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ဇူလိုင်လ ၂၁ ရက်အချိန် ၉ ရက်အတွင်းမှာပဲ ရန်ကုန်မြို့က ဆရာဝန် ခြောက် ယောက်နဲ့ မန္တလေးမြို့က ဆရာဝန်ခြောက်ယောက်၊ စုစုပေါင်း ဆရာဝန် ၁၂ ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
ကပ်ရောဂါကူးစက်သေဆုံးမှု မြင့်တက်နေချိန်အတွင်း လူနာတွေကို ကူညီကုသပေးနေတဲ့ ဆရာဝန်တွေကို အခုလိုဖမ်းဆီးတာကြောင့် လူနာတွေရဲ့အသက်ဆုံးရှုံးမှု ပိုများလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဆရာဝန်တစ်ဦးက RFA ကိုပြောပါတယ်။
"တချို့ဆရာဝန်တွေက အိမ်တိုင်ရာရောက် ကူညီတဲ့အပိုင်းတွေရှိတယ်။ အခုလိုမျိုး ထောင်ချောက်ဆင်ပြီး ဖမ်းတယ်ဆိုတော့ ဆရာဝန်တွေအနေနဲ့ လုပ်ရကိုင်ရ တော်တော်ခက်သွားတယ်။ ဒီလောက်ထိ ယုတ်မာ လိမ့်မယ်လို့ အစကမထင်ထားဘူး။ အခုကျတော့ တော်တော်လေးဆိုးသွားတယ်။ ဆရာဝန်တွေကတော့ လုံခြုံမှုမရတော့ဘူး။ အွန်လိုင်းကနေကုနေတာက ကိစ္စမရှိဘူး။ ကိုယ်ထိလက်ရောက် သွားကုပေးရမယ့် လူနာတွေက အသက်ဆုံးရှုံးမှု ပိုများသွားနိုင်တယ်။ ပိုပြီးသေတဲ့သူများနိုင်တယ်"
ရန်ကုန် အပါအဝင် ကူးစက်မှုမြင့်တက်နေတဲ့မြို့တွေမှာ ကိုဗစ်လူနာတွေကို ကုသရေးစခန်းတွေနဲ့ ဆေးရုံတွေ က လက်ခံကုသမှုမပေးဘဲ အိမ်ပြန်လွှတ်နေတာကြောင့် ကိုဗစ်လူနာအများစုက ပရဟိတကျန်းမာရေးဝန်ထမ်း တွေကိုပဲ အဓိကအားထားနေရတဲ့အချိန်မှာ ဆရာဝန်တွေ ဖမ်းဆီးခံနေရတာပါ။
ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ကုသပေးနေလို့ စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် ရှောင်တိမ်းနေရတဲ့ ဒေါက်တာ ဦးဝေဖြိုးမောင်မောင်ဟာ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်း ထောက်ကြန့်လမ်းဆုံအနီးမှာ အဖမ်းခံလိုက်ရတယ်လို့ အဖွဲ့တာဝန်ရှိသူ ကိုချမ်းလေးက RFA ကို ပြောပါတယ်။
"ပြီးခဲ့တဲ့ ၁၉ ရက်နေ့က မနက်ပိုင်း ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မြေပြင်ကုသရေးအဖွဲ့က သွားရောက်တဲ့ ပရဟိတဆရာဝန်အဖွဲ့ခေါင်းဆောင် သုံးဦး၊ မြေပြင်ရုံးခေတ္တယာယီထိုင်နေတဲ့ အွန်လိုင်းကုသရေးအပိုင်းကို တာဝန်ယူပေးနေတဲ့ ဆရာဝန် နှစ်ဦး ဖမ်းဆီးခံရတယ်။ ဒီနေ့ရက်မှာကျတော့ အဖွဲ့ကိုဝင်စီးတဲ့အခါ ရှောင် တိမ်းနေရတဲ့ ဆရာဝန်တွေ ဗော်လန်တီယာတွေရှိတယ်။ ထောက်ကြန့်လမ်းဆုံအနီးနားလောက်မှာ ဖမ်းဆီးခံရတယ်။ နာမည်ကကျတော့ ဦးဝေဖြိုးမောင်မောင်ပါ။ အသက် ၅၈ နှစ်ပါ။ သူက ပဲခူးကပါ"

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်မှာရှိတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့မှာ စေတနာ့ဝန်ထမ်းအနေနဲ့ ကုသပေးနေတဲ့ ပရဟိတဆရာဝန် ငါးဦး အဖမ်းခံခဲ့ရတယ်လို့ ကိုချမ်းလေးက ပြောပါတယ်။
အဲဒီနေ့ မနက် ၉ နာရီခွဲခန့်က အောက်ဆီဂျင်ကျနေလို့ အရေးပေါ်ကုသမှုပေးဖို့ လိုအပ်နေတဲ့ လူနာတစ်ဦးကို လာရောက်ကုသပေးဖို့ ဆက်သွယ်လာတာကြောင့် လူနာကို ကုသဖို့သွားတဲ့ ဆရာဝန် သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်သားတွေက ယာယီရုံးချုပ်ကိုပါ လာရောက် စီးနင်းပြီး နောက်ထပ် ဆရာဝန်နှစ်ဦးကိုပါ ဖမ်းဆီးခဲ့တာလို့ ကိုချမ်းလေးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဆရာဝန်ငါးဦးကတော့ ဒေါက်တာကိုကိုဦး၊ ဒေါက်တာမင်းကျော်စွာခေါင်၊ ဒေါက်တာသူရ၊ ဒေါက်တာနှင်းဝတ်ရည်ချိုနဲ့ ဒေါက်တာနှင်းမှုံ့နံ့သာမောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဆရာဝန် ငါးဦးထဲက နှစ်ဦးဟာ CDM ဆရာဝန်တွေဖြစ်ပြီး အဲဒီအထဲက တစ်ဦးကိုတော့ စစ်တပ်က ရာဇသတ်ကြီးပုဒ်မ- ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ဆိုပါတယ်။ ကျန်သုံးဦးကတော့ ပုဂ္ဂလိကဆရာဝန်တွေလို့လည်း ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမသိရသေးတာကြောင့် ဆက်လက်စုံစမ်းနေတယ် လို့ ကိုချမ်းလေးက ပြောပါတယ်။
"ထောင်ချောက်ဆင်ပြီး ဖမ်းတယ်ဆိုတော့ ဆရာဝန်တွေအနေနဲ့ လုပ်ရကိုင်ရ တော်တော်ခက်သွားတယ်"
စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ အဲဒီဆရာဝန်တွေနဲ့ သူနာပြုတွေကို ဖမ်းဆီးပြီး ငွေကျပ် ၃၂ သိန်းတန်ဖိုးရှိတဲ့ ဆေးဝါးတွေနဲ့ အောက်ဆီဂျင်ဘူးတွေကို သိမ်းယူသွားတယ်ဆိုတာ မဟုတ်မမှန်ကြောင်းနဲ့ အခုလို မဟုတ်မမှန်လုပ်ကြံသတင်းတွေ ထွက်ပေါ်နေတာကို စီစစ်ဖော်ထုတ်နေကြောင်း ဇူလိုင်လ ၂၁ ရက် မနေ့က ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ခြိမ်းခြောက်တာတွေနဲ့အတူ ကျန်းမာရေးယန္တရား လုံးဝနီးပါး ရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုကြောင့် လူသေဆုံးမှုများ မြင့်တက်နေတဲ့အပေါ် ထိန်းချုပ်နိုင်ရေးအတွက် ဆရာဝန်တွေနဲ့ ပရဟိတစေတနာ့ဝန်ထမ်းတွေကို ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေပေမယ့် တစ်ဘက်မှာ လည်း သူတို့နဲ့ မပူးပေါင်းတဲ့ဆရာဝန်တွေကို ဖမ်းဆီးနေတယ်လို့လည်း ထောက်ပြကြပါတယ်။
မန္တလေးမြို့မှာလည်း ကိုဗစ်လူနာတွေကို အွန်လိုင်းနဲ့ မြေပြင်မှာပါ ဆေးကုသပေးနေတဲ့ ဒေါက်တာ ကျော်ကျော်သက်နဲ့ ခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေးတို့ ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။

မန္တလေးမြို့ ကျန်းမာရေးလောကမှာ ထင်ရှားသူတစ်ယောက်ဖြစ်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ဒေါက်တာ ကျော်ကျော်သက်ဟာ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီမှာ မန္တလေးက သူ့နေအိမ်မှာ ဝမ်းကွဲအစ်ကိုနဲ့အတူ ရိုက်နှိက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကတော့ ဇူလိုင် ၁၆ ရက်နေ့မှာ မန္တလေးမြို့ပေါ်က လူနာတစ်ယောက် ကို သွားကြည့်ပြီးအပြန် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ မန္တလေးမြို့ခံ ဆရာဝန် တစ်ယောက်က RFA ကို ပြောပြပါတယ်။
ဒေါက်တာကျော်ကျော်သက်နဲ့ ဒေါက်တာသက်ဌေးတို့ဟာ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ချိန်မှာ ကိုဗစ်ကုသဖို့ အတွက် အဖက်ဖက်က ကြိုးစားနေတဲ့ ဆရာဝန်တွေဖြစ်ပြီး ဒီဆရာဝန်တွေ အဖမ်းခံရတာဟာ မန္တလေးရဲ့ ကိုဗစ်ကုသရေးမှာ သိသိသာသာထိခိုက်နစ်နာသွားနိုင်တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ပေါ်မှာ အဲဒီဆရာဝန် နှစ်ယောက်တို့အပြင် တစ်ပတ်အတွင်းမှာ တခြား CDM ဆရာဝန် လေး ယောက်တို့ အဖမ်းခံထားရတာရှိတယ်လို့ မန္တလေးမြို့ခံ ဆရာဝန်က ပြောပါတယ်။ ဒါပေမဲ့လည်း နာမည်၊ ရာထူးကိုတော့ ထုတ်ဖော်ပြောပြလို့ မရဘူးလို့ ဆိုပါတယ်။
အွန်လိုင်းကတဆင့် ကိုဗစ်ရောဂါ ကုသပေးနေသလို မြေပြင်မှာပါ ဆေးကုသပေးနေတဲ့ ဆရာဝန်တွေကို အခုချိန်မှာ ဖမ်းဆီးတာဟာ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အဆက်ဖြတ်ပစ်လိုက်တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က ဆိုပါတယ်။
"ဒီလိုအချိန်မျိုးမှာ မလုပ်သင့်ဘူး။ ပုံမှန်အခြေအနေမှာလည်း မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အသိပညာရှင်တွေ အတတ်ပညာရှင်တွေလေ။ သူတို့မတရားသဖြင့် အာဏာသိမ်းထားတာကို မထောက်ခံရကောင်းလားဆိုပြီး သူတို့နဲ့မပူးပေါင်းဘူးဆိုရင် ဒီလိုမျိုးတွေ နှိပ်ကွပ်နေတာကတော့ မဖြစ် သင့်ဘူး။ ဒီဟာက လူသတ်နေသူတွေလည်း မဟုတ်ဘူး။ ဒီဟာကဆရာဝန်တွေ။ ဆေးကုတာက အကြမ်း ဖက်တာလည်း မဟုတ်ဘူး။ အထူးသဖြင့် ဒီကိုဗစ်တတိယလှိုင်း ဒီလောက်ဆိုးဆိုးဝါးဝါး နေ့စဉ် လူတွေ ထောင်နဲ့ချီ သေဆုံးနေတဲ့အချိန်မှာ ဒီဆရာဝန်တွေက ကိုဗစ်ကုသရေးအတွက် တစ်တပ်တစ်အား လုပ်ပေး နေတဲ့အချိန်မှာ ဦးချိုးလိုက်သလိုပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုံးဝအဆက်ဖြတ် လိုက်သလိုပဲ"
မြန်မာနိုင်ငံမှာ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့နှုန်းနဲ့ ရောဂါအနေအထားအရ အသေအချာ တားဆီး ထိန်းချုပ်မှု မလုပ်နိုင်ရင် ပြည်သူ လေးသိန်းလောက်အထိ အသက်ဆုံးရှုံးနိုင်ဖွယ်ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက RFA နဲ့ အင်တာဗျူးမှာ ပြောထား ပါတယ်။
"ရဟိတဆေးရုံဖွင့်ပြီး ကုပေးနေတဲ့သူတွေကို ဖမ်းတာတွေရှိတယ်။ တယ်လီဖုန်းနဲ့ လူနာတွေကို ကုပေး နေတဲ့သူတွေကို ဖမ်းတာတွေရှိတယ်။ CDM ဆိုတဲ့ဆရာဝန်တွေ ဘာတွေလုပ်နေလဲဆိုတာ ပြည်သူက သိပါတယ်။ အခုလည်း အင်တိုက်အားတိုက် ကျွန်တော်တို့လုပ်နေတယ်။ သူတို့တွေ ဘာမှလုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့တွေ ပြည်သူကိုကာကွယ်ဖို့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့ ပြည်သူ့အသက်တွေမဆုံးရှုံးဖို့ ဆက်ပြီးတော့ CDM ဆရာဝန် ဆရာမတွေက လုပ်နေမှာပဲ"
လွတ်လပ်စွာ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ဟာ ပြည်သူတွေရဲ့အခွင့်အရေးဖြစ်ပြီး ဒီအခွင့်အရေးကို ပိတ်ပင် တားဆီးတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို တရားဥပဒေနဲ့ အညီ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၂၀ ရက်နေ့က ထုတ် ပြန်ထားပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၇ ဦးရှိခဲ့ပြီး သေဆုံးသူစုစုပေါင်းက ၅၈၁၄ ဦးအထိ ရှိနေတယ်လို့ဆိုပါတယ်။ အတည်ပြုလူနာ စုစုပေါင်းကတော့ နှစ်သိန်းလေးသောင်းကျော် ရှိသွားပါပြီ။ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ရောဂါဖြစ်ပွါးမှုနဲ့ သေဆုံးမှုအရေအတွက်တွေက ပရဟိတကျန်းမာရေးလုပ်ဆောင်နေသူတွေရဲ့ ပြောဆိုချက်တွေနဲ့ သိသိသာသာကွဲလွဲနေပါတယ်။ ကျန်းမာ ရေးဌာနက သေဆုံးသူအရေအတွက်က ရာဂဏန်းရှိတယ်ဆိုပေမယ့် ပရဟိတတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူထောင်နဲ့ချီရှိနေပါတယ်။