မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ဟန့်တားဖို့ လုပ်ဆောင်နေကြောင်း စင်ကာပူအစိုးရပြော

RFA Burmese
2024.07.02
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ဟန့်တားဖို့ လုပ်ဆောင်နေကြောင်း စင်ကာပူအစိုးရပြော ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Handout / Free Burma Rangers / AFP

မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် သေစေနိုင်လောက်တဲ့ အင်အားအသုံးပြုမှုကို စင်ကာပူနိုင်ငံအနေနဲ့ ဆန့်ကျင်တဲ့ဘက်က အခိုင်အမာရပ်တည်နေပြီး မြန်မာနိုင်ငံထံ လက်နက်စီးဆင်းရောက်ရှိမှုကိုလည်း ဟန့်တားဖို့ ဆောင်ရွက်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ ဇွန်လ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေ မေးမြန်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စင်ကာပူ နိုင်ငံရေးခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကို စစ်လက်နက်တွေ လွှဲပြောင်းမှုကို ဟန့်တားဖို့နဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ပစ္စည်းတွေ လွှဲပြောင်းတာကို ပိတ်ပင်ဖို့က စင်ကာပူရဲ့ မူဝါဒဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှုကို စင်ကာပူအစိုးရက ပိတ်ပင်ဖို့ ရည်ရွယ်ချယ်မရှိဘူးလို့ ဖော်ပြပါတယ်။ မစ္စတာ တွမ်အင်ဒရူးရဲ့ တွေ့ရှိချက်တွေဟာလည်း စင်ကာပူနိုင်ငံရဲ့ မူဝါဒ အကျိုးသက်ရောက်မှုကို ထင်ရှားစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတွေကို စောင့်ကြည့်ဖို့အတွက် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ (MAS) အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ စင်ကာပူ ဘဏ္ဍာရေးဌာနတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြပါတယ်။

စင်ကာပူ ဘဏ္ဍာရေးဌာနတွေဟာ မြန်မာနိုင်ငံကို လက်နက်လွှဲပြောင်းမှုနဲ့ ရောင်းချမှုတွေ ပါဝင်တဲ့ ဘယ်လိုလွှဲပြောင်းမှုတွေကိုမှ လွယ်ကူစေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မစ္စတာ တွမ်အင်ဒရူးရဲ့ ဇွန် ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိဖို့ နိုင်ငံခြားဘဏ်တွေက ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာတော့ စင်ကာပူအခြေစိုက်လုပ်ငန်းတွေကို သူ့အစိုးရက ကန့်သတ်ထားတဲ့အတွက် အဲဒီနေရာမှာ ထိုင်းလုပ်ငန်းတွေက အစားထိုးဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။