ရေနံသဘာဝဓာတ်ငွေ့ကဏ္ဍမှာ ပွင့်လင်းမြင်သာမှုရှိရေး Global Witness တောင်းဆို


2014.06.26

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှု အချက်အလက်တွေကို တရားဝင်ထုတ်ပြန်ပေးဖို့ Global Witness လို့ခေါ်တဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုကို ဖုံးကွယ်ထားတာဟာ စီးပွားရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုကို လျော့ပါးစေတယ် လို့  Global Witness အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာကမ်းလွန်ပင်လယ် မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေဖို့အတွက် ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင်ခွင့် ချပေးလိုက်တဲ့အကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လမှာ ကြေညာခဲ့တာပါ။

Global Witness အနေနဲ့ ကုမ္ပဏီတွေရဲ့ပိုင်ဆိုင်မှုကို ထုတ်ပြန်ပေးဖို့အတွက် မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်ယူခွင့်ရရှိထားတဲ့ ကုမ္ပဏီ ၄၇ ခုကို ဆက်သွယ်ပြီး မေးခွန်းတွေဖြေဆိုဖို့ တောင်းဆိုခဲ့ပေမယ့်၊ ကုမ္ပဏီ ၁၃ ခုကသာ မေးခွန်းတွေကို ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေထဲက အိန္ဒိယအစိုးရပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း ONGC နဲ့၊ မြန်မာနိုင်ငံအခြေစိုက် Machinery & Solution ကုမ္ပဏီ ၂ ခုကတော့ ကုမ္ပဏီပိုင်ဆိုင်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Global Witness က ချီးကျူးထားပါတယ်။

အခုလို ကုမ္ပဏီပိုင်ဆိုင်မှုကို လျှို့ဝှက်ထားကြတဲ့အတွက် မြန်မာနိုင်ငံရဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုကဏ္ဍမှာ ကာလကြာရှည်လှိုက်စားနေတဲ့ အကျင့်ပျက်ခြစားမှုတွေ ပိုဆိုးလာပြီး နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဆုံးရှုံးမှု ပိုများလာနိုင်တယ်လို့လည်း Global Witness က သတိပေးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။