ပြည်သူလိုလားတဲ့ ပြောင်းလဲမှု မဟုတ်ဟု ကိုကိုကြီး ပြောကြား
2014.12.12

မြန်မာပြည်သူ့ဖိုရမ် ၂ဝ၁၄ လို့ အမည်ပေးထား တဲ့ နှီးနှောဖလှယ်ပွဲတစ်ခုကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီကနေ့ စတင်ကျင်းပခဲ့ရာမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးကိုကိုကြီးက လေးနှစ်ကျော် ကာလအတွင်း အစိုးရရဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲ မှုတွေဟာ ပြည်သူတွေလိုလားတဲ့ပုံစံ မဟုတ်သေးဘူး လို့ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဘက်ကလည်း သူတို့ပြောင်းပေးတဲ့ အပြောင်းဟာ ကျနော်တို့ မျှော်လင့်သလောက် အပြောင်း မဟုတ်တဲ့အတွက်ကြောင့် တကယ် မပြောင်းဘူး၊ လုံးဝမပြောင်းဘူးလားဆိုလည်း မဟုတ်ဘူး ပြောင်းတယ်၊ ဒါပေမဲ့ ပြောင်းတဲ့ အပြောင်းဟာ ကျနော်တို့ မျှော်လင့်သလို၊ ကျနော်တို့ ဖြစ်စေချင်သလို ပြောင်းသလားဆိုတော့ မဟုတ်ဘူး၊ အဲဒီ့ဟာကိုဖြေရှင်းဖို့အတွက် ကျနော်တို့ ဟာ ဆွေးနွေးညှိနှိုင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှု တည်ဆောက်ရမယ်လို့ပြောတယ်၊ ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းမှု အားလုံးကို ကြိုတင်ပြီး ဒီဇိုင်းလုပ်ထားတဲ့ ပုံစံခွက်ထဲကို လူတွေကိုစွပ်တဲ့အခါကျတော့ ကျနော်တို့မှာ ဝင်တော့ ထိုင်လိုက်ရတယ်၊ သူ့ဒီဇိုင်းအတွက် အိမ်ဖြည့်ပေးလိုက်ရတဲ့ သဘောမျိုးလို့ ကျနော်တို့က ခံစားရတယ်ဆိုရင် အဲ့ဒါဟာ စစ်မှန်တဲ့ Dialogue ပုံစံမျိုးရောက်မလာဘူး၊ ဒါကလက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာ"
ဒီကနေ့ နှီးနှောဖလှယ်ပွဲ ပထမနေ့မှာ "မြန်မာ့နိုင်ငံရေးအပြောင်းနဲ့ စိန်ခေါ်မှုများကို လေ့လာအကဲဖြတ်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဦးကိုကိုကြီးနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ဒေါ်ခင်မမမျိုး၊ ဒေါက်တာရန်မျိုးသိမ်းနဲ့ မရန်ဂျော်ဂွန်းတို့လည်း ပါဝင်ခဲ့ကြပါတယ်။
အဲဒီနှီးနှောပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လူပုဂ္ဂိုလ် စုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် ဒီ နှီးနှောပွဲမှာ လယ်ယာမြေပြဿနာ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးကဏ္ဍတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ကလေးသူငယ် အခွင့်အရေး၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိ မရှိနဲ့ စတဲ့အကြောင်းအရာတွေ ကို ဆွေးနွေးမယ်လို့ သိရပါတယ်။