မြန်မာငွေ သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိ


2014.07.29
narcotic-305 မြန်မာငွေ သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ လက်နက်ခဲယမ်းတွေကို ဇူလိုင်လ ၂၈ ရက်နေ့က ဖမ်းဆီးရမိစဉ်
Photo: Aung Moe Myint / RFA

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းနှစ်သောင်းကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက်နက်ခဲ ယမ်းတွေကို ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၁ဝ နာရီခွဲက လားဟူလူမျိုးနှစ်ဦးထံကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့နယ် မိုင်းဆတ်ခရိုင် ပူနားကို ကျေးရွာ ဘက်ကလာတဲ့ မော်တော်ယာဉ် တစ်စီးကို တားဆီး စစ်ဆေးခဲ့ရာက အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုး က RFA ကို ပြောဆိုပါတယ်။

ဒီဇူလိုင်လ ၂၇ ရက်နေ့တည်းကစပြီး ပိတ်ဆို့နေ တယ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ၁၀ နာရီ ၄၅ အချိန်မှာ ပူနားကိုကျေးရွာဖက်ကလာတဲ့ ဒီကားတစ်စီးကို စစ်ဆေးရှာဖွေလိုက်တဲ့အခါမှာ အဲ့ဒီကားပေါ်ကနေ ပြီးတော့ ဘိန်းဖြူ ဘလောက်တုံး အလေးချိန်ပေါ့နော် ၁၄၁ ဒသမ ၄ ကီလို ကာလတန်ဖိုး ၂၂၆၂၄ သိန်းတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေရယ် လက်နက်ခဲယမ်းတွေရယ် ဖမ်းဆီးရမိတယ်၊ ဖမ်းဆီးရမိတဲ့ တရားခံတွေက လားဟူလူမျိုးတွေဖြစ်ပြီးတော့ အာဘီး ကတော့ ၂၂ နှစ်ပေါ့နော်၊ အာဖာ ကတော့ အသက် ၃၂ ရှိတယ် ပူနားကိုကျေးရွာမှာ နေထိုင်တယ်လို့ သိရတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ဘိန်းဖြူ ဘလောက်တုံး ၄ဝ၄ တုံး နဲ့အတူ M 22 မောင်းပြန်ရိုင်ဖယ် ၂ လက်၊M 16 မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ၉ မမ ပစ္စတို ၂ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်ဆံတွေနဲ့ ထိုင်းဘတ်ငွေ သုံးသောင်းကျော်ကိုပါ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဒါဟာ အခုနှစ်အတွင်း အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမိတဲ့ လားဟူလူမျိုးနှစ်ဦးကို တာချီလိတ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်ပုဒ်မတွေဖြစ်တဲ့ ၁၅/၁၉(က)/၂၂(ခ)/၂၀(က)/၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားတယ် လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။