မဏိပူရ်မှာ မြန်မာထုတ် စစ်အသုံးအဆောင်နဲ့ လက်နက်တွေ တွေ့ရှိ
2024.12.23

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအရှေ့ခရိုင်မှာ မြန်မာနိုင်ငံထုတ် စစ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိတယ်လို့ အိန္ဒိယအာဏာပိုင်တွေကပြောကြောင်း The Hindustan Times က ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖော်ပြပါတယ်။
StarLink အင်တာနက်စက်တစ်လုံးနဲ့ မြန်မာစစ်တပ်ထုတ် MA 4 အမျိုးအစား ချေမှုန်းရေး ရိုင်ဖယ်သေနတ်တစ်လက်ကို လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝှက်ထားတဲ့နေရာတစ်ခုမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့ဟာ မြန်မာနိုင်ငံထုတ် အမှတ်တံဆိပ်ပါ အနည်းဆုံး သေနတ် ခုနစ်လက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ခြောက်လခန့်က မဏိပူရ်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝှက်ထားတဲ့နေရာတွေက မြန်မာနိုင်ငံထုတ် စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းအမျိုးမျိုးကို တွေ့ရှိခဲ့တာကြောင့် အခုတစ်ကြိမ် တွေ့ရှိတာက မထူးဆန်းတော့တဲ့အကြောင်း အိန္ဒိယ အာသံရိုင်ဖယ်တပ်အရာရှိတွေ ပြောဆိုတယ်လို့ ဆိုပါတယ်။
မဏိပူရ်မှာ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားချိန်ကစတင်ပြီး လွန်ခဲ့တဲ့ ၁၉ လအတွင်း ရာနဲ့ ချီတဲ့ စစ်ဝတ်စုံနဲ့ ကျည်ကာအင်္ကျီတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Hindustan Times က ဖော်ပြပါတယ်။
အိန္ဒိယအစိုးရဟာ အိန္ဒိယ-မြန်မာနယ်စပ်တစ်ခုလုံးကို ခြံစည်းရိုးခတ်ဖို့ ကြေညာထားပေမဲ့ မဏိပူရ်ပြည်နယ်မှာ ကီလိုမီတာ သုံးဆယ်ခန့်ကိုပဲ နယ်စပ်ခြံစည်းရိုး ခတ်နိုင်သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်စပ်စစ်ဆေးဂိတ်တွေ ထားရှိထားပေမဲ့ နယ်စပ်ဧရိယာကျယ်ဝန်းတာကို အသုံးချပြီး အခုလို စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို မှောင်ခိုကူးသူတွေက သယ်ယူနေကြတာဖြစ်တယ်လို့ The Hindustan Times က ဖော်ပြပါတယ်။