စစ်ကောင်စီကို အမြန်ဆုံး အပြစ်ပေးအရေးယူဖို့ နိုင်ငံတကာကို တောင်းဆို

RFA Burmese
2023.10.18
စစ်ကောင်စီကို အမြန်ဆုံး အပြစ်ပေးအရေးယူဖို့ နိုင်ငံတကာကို တောင်းဆို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၃ အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပနေစဉ်။
RFA

စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးထိထိရောက်ရောက် အရေးယူပေးဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းအပါအဝင် ပဇီကြီး၊ အနန့်ပါ တို့မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး မဲဆောက်မြို့ရောက် နိုင်ငံရေးအင်အားစုတွေက အောက်တိုဘာ ၁၈ ရက် ဒီမနက်မှာ ဆုတောင်းပွဲ ကျင်းပပြီး တောင်းဆိုလိုက်တာပါ။

ဆုတောင်းပွဲကို ဦးဆောင်ရာမှာပါဝင်တဲ့ ဘာသာပေါင်းစုံကွန်ရက်အဖွဲ့က ဦးထွန်းကြည်က စစ်ကောင်စီအပေါ် ထိရောက်တဲ့အရေးယူမှုတွေလုပ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီလုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။

“အပြစ်ပေးအရေးယူမှုကနေ ကင်းလွတ်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာ အဝန်းအဝိုင်းက အမြန်ဆုံးထိထိရောက်ရောက် အပြစ်ပေးအရေးယူဖို့ တောင်းဆိုတယ်၊ NUG ကလည်း ကိုယ့်ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်ဆင်နွှဲနေတာတွေကို ဘယ်လိုကာကွယ်မလဲပေါ့၊ ဘယ်လိုတားဆီးမလဲပေါ့၊ ဘယ်လိုနိုင်ငံတကာနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေ တိုက်တွန်းထားပါတယ်။”

အဲဒီဆုတောင်းပွဲကို ဘာသာပေါင်းစုံကွန်ရက်နဲ့ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့တို့က ဦးဆောင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ဒုက္ခသည် ယောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတော့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ လူပေါင်း ၁ဝ ကျော် သေဆုံးခဲ့ရပါတယ်။

၂၀၂၂ အောက်တိုဘာလကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ခြောက်ဆယ်ကျော် သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။