စစ်ကောင်စီကိုယ်တိုင် တိုင်းပြည်ကို ဖျက်ဆီးနေပြီလို့ အထူးကိုယ်စားလှယ်ပြော
2024.07.11

စစ်ကောင်စီဟာ သူကိုယ်တိုင် မထိန်းနိုင်တော့တဲ့ တိုင်းပြည်ကို ဖျက်ဆီးနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီနဲ့ ကြာသပတေးနေ့က တွေ့ဆုံစဥ် သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း တစ်စစီ ပြိုပျက်သွားပြီလို့ Tom Andrews က ပြောပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ တပ်စခန်းတွေ၊ စိုးမိုးနယ်မြေတွေနဲ့ လက်နက်တွေကို လက်လွှတ်ဆုံးရှုံးနေရပြီး သူကိုယ်တိုင် မထိန်းနိုင်တော့တဲ့ တိုင်းပြည်ကို ပြန်ပြီး ဖျက်ဆီးနေပြီလို့လည်း ဆိုပါတယ်။
စစ်ပွဲမှာ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်တာတွေ များလာပြီး အရပ်သားတွေကို ရှုံးမဲမဲပြီး တိုက်ခိုက်နေတာလို့ Tom Andrews က ဝေဖန်ပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်လာတာ မတွေ့ရသေးပါဘူး။
ဇွန်လ ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။