မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်သူတွေလို့ ယူဆရသူ ၆ ဦးကို ပစ်ခတ်နှိမ်နင်း
2014.01.01
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ကြံစည်ရာမှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ မွတ်စလင် အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နင်း ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား (၆) ဦးသေဆုံးကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရသူက ဒီကနေ့ ပြောလိုက်ပါတယ်။
မနေ့ညပိုင်းက ဂျကာတာမြို့စွန်မှာရှိတဲ့ အကြမ်းဖက်သမားတွေ ငှားနေတဲ့အိမ်ကို ရဲတပ်ဖွဲ့က ဝိုင်းထားစဉ်မှာ လက်နက်မချဘဲ ပြန်လည်ခုခံပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် အာရုဏ်တက်ချိန် အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီအိမ်ထဲကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာမှာ လက်လုပ်ဗုံး (၆) လုံး တွေခဲ့တယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဂျာကာတာမြို့တော်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်မှုမှာလည်း အဲဒီသူတွေပါဝင်ခဲ့တယ်လို့ သံသယတွေရှိကြောင်းနဲ့ သူတို့ဟာ အစ္စလာမ္မစ်အစွန်းရောက် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အဖွဲ့ခွဲနဲ့ ပတ်သက်မှု ရှိနိုင်တယ်လို့လည်း အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။