အိန္ဒိယ မြန်မာနယ်စပ် ပူးတွဲတိုင်းတာမည်
2014.01.04

အိန္ဒိယ-မြန်မာနယ်စပ် အငြင်းပွားမှုနဲ့ ပတ်သက် ပြီး နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဇန်နဝါရီလ ၆ ရက်နေ့ကစတင်ကာ နယ်နိမိတ် တိုင်းတာမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီ နယ်နိမိတ်တိုင်းတာရေးလုပ်ငန်းမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးရာ ညွန်ကြားရေးမှူးနဲ့ မြေတိုင်းညွန်မှူးတို့ပါဝင်မယ်လို့ တမူးခရိုင်အုပ်ချူပ်ရေးမှူး ဦးကျော်ဇောလင်းက RFA ကိုပြောပါတယ်။
"အခုဖြစ်နေတဲ့ပြသနာကို နှစ်နိုင်ငံ Join တိုင်းမှာ ၆ ရက်နေ့မှာ တိုင်းမှာပါခင်ဗျာ နိုင်ငံခြားရေးရာ ညွန်မှူး၊ မြေတိုင်းကညွန်မှူး၊ ကကကြီးက တစ်ယောက် နောက် ကျနော်ပါမယ်"
အိန္ဒိယအစိုးရဘက်ကတော့ စစ်သံမူးနဲ့ မြေစာရင်းအရာရှိတွေ ပါဝင်ကြမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းကစပြီး အိန္ဒိယအစိုးရဘက်က အိန္ဒိယ-မြန်မာနယ်စပ်မှာ စစ်ဆေးရေးဂိတ်တစ်ခုထားရှိဖို့ မြေထိုးစက်တွေသုံးပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ရာကနေ နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှု ပေါ်ပေါက်ခဲ့ပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် နယ်နိမိတ်ကျောက်တိုင်အမှတ် ၇၇ နဲ့ ၇၉ အကြားမှာ အိန္ဒိယဖက်က အဲဒီလိုလုပ်ဆောင်နေတာကို ချက်ချင်းရပ်တန့်ဖို့ မြန်မာအာဏာပိုင်တွေက ကန့်ကွက်ခဲ့ပေမယ့် အိန္ဒိယက လက်မခံခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တမူး၊ ကလေးနဲ့ မင်းကင်းမြို့တွေမှာ အိန္ဒိယအစိုးရကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဘက်က လုပ်ငန်းတွေဆိုင်းငံ့ထားခဲ့ကာ အခုလို နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေ ညှိနိုင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။