မြန်မာလူကုန်ကူးမှု အမေရိကန် ဝေဖန်
2014.06.20

မြန်မာနိုင်ငံဟာ အမျိုးသမီး၊ အမျိုးသားနဲ့ကလေးတွေကို အဓမ္မလုပ်အားပေးခိုင်းစေတာနဲ့ အမျိုးသမီးနဲ့ ကလေးတွေကို လိင်လုပ်ငန်းအတွက် တခြားနိင်ငံရောင်းစားတဲ့ ပင်မတစ်နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့က ပြောကြားလိုက်ပါ တယ်။
အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၄ အတွက် လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာ မှာ ဖော်ပြလိုက်တာဖြစ်ပြီး မြန်မာအမျိူးသား၊ အမျိုးသမီးနဲ့ ကလေးတွေဟာ အလုပ်လုပ်ကိုင်ဖို့ ပြည်ပကို အထူး သဖြင့် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို ပြောင်းရွှေ့ ကြပြီး အဲဒီနိုင်ငံတွေမှာ အဓမ္မ လုပ်အားပေးခိုင်းစေခံရ ဒါမှမဟုတ် လိင်ကုန်ကူးခံရတယ်လို့ ဖော်ပြပါတယ်။
ပြည်တွင်းမှာ စီးပွားရေးကျပ်တည်းတဲ့အတွက် အရွယ်ရောက်ပြီးသူတွေနဲ့ မြန်မာကလေးတွေဟာ တရားဝင်နည်းနဲ့ရော တရားမဝင်နည်းနဲ့ပါ အရှေ့အာရှ အပြင် အရှေ့အလယ်ပိုင်း၊ တောင်အာရှနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပနိုင်ငံတွေမှာ သွားရောက်လုပ် ကိုင်ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အမျိုးသားအများစုဟာ ထိုင်းနိုင်ငံက ငါးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ အိမ်ဖော်လုပ်ငန်းနဲ့ တချို့ဟာ ပြည့်တန်ဆာလုပ်ငန်းတွေမှာ လုပ်ကိုင်ရပြီး တချို့ အမျိုးသမီးတွေဟာ တရုတ်နိုင်ငံ မှာ ရောင်းစားခံရတယ်လို့လည်း ဖော်ပြထားပါတယ်။
လူမှောင်ခိုကုန်မှုလုပ်ငန်းကို အနိမ့်ဆုံးအဆင့်အပြည့်အဝမဆောင်ရွက်နိုင်ပေမဲ့ မြန်မာအစိုးရဟာ သိသိသာသာ ကြိုးပမ်းအားထုတ်တာရှိတယ်လို့ဖော်ပြပြီး မြန်မာနိုင်ငံကို စောင့်ကြည့်ရမယ့် အဆင့် ၂ အဖြစ် သတ်မှတ်ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ ဗင်နီဇွဲလားနဲ့ လူကုန်ကူးမှု လုပ်ငန်းတိုက်ဖျက်ရေးကို အောင်မြင်အောင် မလုပ်နိုင်တဲ့အတွက် အဆင့်သုံး သတ်မှတ်ခံရပြီး ဂမ်ဘီယာနိုင်ငံဟာလည်း လူကုန်ကူးမှု အဆိုးဝါးဆုံးနိုင်ငံ စာရင်းမှာပါဝင်ပါတယ်။
၂ဝ၁၄ အတွက် လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။